BGF အမှတ် ၄ စစ်ဒေသမှူး စောမုတ်သုန်ကို ထိုင်းစုံစမ်းစစ်ဆေးရေးဌာနက ဖမ်း၀ရမ်းထုတ်

ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုတွေနဲ့ ကျားဖြန့်လိမ်လည်သူတွေ ပုန်းခိုနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမှုတွေနဲ့ ဖမ်းဝရမ်းထုတ်တာဖြစ်ဟုဆို။

ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ မြဝတီတပ်နယ် အမှတ်-၄ စစ်ဒေသမှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းစုံစမ်းစစ်ဆေးရေးဌာန(DSI) က ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးမှုတွေမှာ ပတ်သက်နေတယ်ဆိုပြီး ဇူလိုင်လ ၂၇ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်း-မြန်မာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒုဗိုလ်မှူးကြီးစောမုတ်သုန်ကို ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုတွေမှာ ပူးပေါင်းကြံစည်မှု၊ ‌BGF ထိန်းချုပ်ဒေသမှာ ကျားဖြန့်လိမ်လည်သူတွေ ပုန်းခိုနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမှု စတဲ့အချက်တွေနဲ့ ထိုင်းနိုင်ငံရဲ့ ရာဇဝတ်စုံစမ်းစစ်ဆေးရေးဌာနက ဖမ်း၀ရမ်းထုတ်လိုက်တာဖြစ်ပြီး ဒီ၀ရမ်းဟာ အချိန် ၁၅ နှစ်အထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒုဗိုလ်မှူးကြီး စောမုတ်သုန်ဟာ BGF ရဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ အယုံကြည်ရဆုံး လူဖြစ်တာကြောင့် အရေးယူပိတ်ဆို့မှုတွေကို ထိုင်းအစိုးရက စတင်ကိုင်တွယ်လာပုံရတယ်လို့ ထိုင်း-မြန်မာအရေး သုံးသပ်သူ ကိုစတီဗင်စန်းယုက ပြောပါတယ်။

“ဖမ်းဝရမ်းထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တရားရုံးကိုတောင်းတဲ့ အစီရင်ခံစာမှာ ဗိုလ်မုတ်သုန်သည် တခါတလေကျရင် BGF ဘတ်တံဆိပ်ကို သုံးတယ်။ တခါတလေကျရင် DKBA ဘက်တံဆိပ်ကို သုံးတယ်။ ဒါက သူ့မှာအဖွဲ့အစည်း မယ်မယ်ရရ မရှိဘူး။ နောက်တစ်ခုက အရေးကြီးဆုံး အချက်လို့ထင်တယ်။ ဗိုလ်မုတ်သုန်သည် အယုံကြည်ရဆုံး လက်ထောက်ဖြစ်တယ်။ ဒါကို ထိုင်းအစိုးရကရော EU ကရော ယုံကြည်ထားတယ်၊ သတ်မှတ်ထားတယ်။ အထူးစုံစမ်းရေးအဖွဲ့က ဒီလူတွေသည် ငွေကြေးခဝါချတာ၊ ကျူးလွန်သူတွေကို ဖွက်ထားပေးတာ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကျုးလွန်တာတွေ လုပ်နေတယ်ဆိုတဲ့ တောင်းဆိုချက်ကို တရားရုံးကလည်း ဒီကိစ္စသည် ကျိုးကြောင်းဆီလျော်မှု ရှိတယ်ဆိုပြီး ခွင့်ပြုလို့ ဖမ်းဝရမ်းထွက်လာတာ”

ထိုင်းနိုင်ငံရဲ့ တရားရေး လုပ်ထုံးလုပ်နည်းအရ နေအိမ်ကို ဆင့်ခေါ်စာအရင်ပို့တာ၊ နေအိမ် (ဒါမှမဟုတ်) လမ်းမှာ ဆင့်ခေါ်စာကပ်တာတွေ အရင်လုပ်ဆောင်ပြီး ဆင့်ခေါ်ခံရသူက တရားရေးအရ လာရောက်ရင်ဆိုင်ခြင်းမရှိမှသာ ဖမ်းဝရမ်းထုတ်တာ ဖြစ်ပေမဲ့ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကိစ္စမှာတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၀ ရက်ကနေ ၂၁ ရက်အထိ အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ကက်ရှ်ပက်တယ်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူလ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ စစ်တပ်လက်အောက်ခံဖြစ်တဲ့ BGF တပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူကို စတင် အရေးယူလာတာ ဖြစ်ပါတယ်။

DSI ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒုဗိုလ်မှူးကြီးစောမုတ်သုန် ရဲ့ မျက်နှာအသွင်အပြင်နဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ဖော်ပြထားပြီး ပြစ်မှုဖြစ်ပွားရာ ဆက်စပ်ဒေသတွေကတော့ မြန်မာနိုင်ငံက မြဝတီမြို့အပြင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၊ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၊ ထိုင်းနိုင်ငံအတွင်းမှာဆိုရင် သမုဒ်ပရာကန်ခရိုင်၊ ဘန်ကောက်မြို့နဲ့တာ့ခ်ခရိုင်တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။