စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ ၂၀၂၆ ခုနှစ် ဇွန်လတစ်လအတွင်း စစ်တပ်ခန့်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေကြောင့် အမျိုးသမီး ၂၈ ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (Women for Justice - WJ) က RFA ကို ဇူလိုင် ၃၀ နေ့က ပြောပါတယ်။
(Women for Justice – WJ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ သုတေသနနဲ့ အချက်အလက် မှတ်တမ်းတင်ရေးတာဝန်ခံ DRose က စစ်ရေးပဋိပက္ခတွေကြားမှာ အမျိုးသမီးတွေအပေါ် လုံခြုံရေးအန္တရာယ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုကြုံတွေ့လာရတယ်လို့ RFA ကို ပြောပါတယ်။
" အထူးသဖြင့် စစ်ကြောင်းတွေနဲ့ နီးစပ်တဲ့နေရာတွေ၊ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေအတွက် လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုစနစ် မရှိတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ကြုံနေရပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုစာရင်းတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့နဲ့ မတရားဖမ်းဆီးခံရသူ ၃၉ ဦးရှိပါတယ်"
WJ အဖွဲ့ရဲ့ ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ မှတ်တမ်းတွေအရ စစ်ကိုင်းတိုင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး ခုနစ်ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ တစ်ဦးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး ချင်းပြည်နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိသားစုဝင်တွေ သေဆုံးတာကို ကိုယ်တိုင်မြင်တွေ့ရတာ၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးရတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဆေးရုံနဲ့ ဆေးခန်းတွေ ပျက်စီးသွားတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။
WJ အဖွဲ့ အချက်အလက်တွေအရ လက်ရှိ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နေရသူ ကိုးသောင်းကျော်ရှိပြီး ချင်းပြည်နယ်မှာ လေးသောင်းကျော်ရှိပါတယ်။
စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေက နီးစပ်ရာမြို့ရွာတွေနဲ့ တောတောင်တွေမှာ ခိုလှုံနေကြပြီး ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ နီးစပ်ရာ တောတောင်တွေအပြင် ကလေးမြို့နဲ့ အိန္ဒိယနယ်စပ်ဘက်တွေမှာ ခိုလှုံနေကြရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့စည်း(WJ) ရဲ့ အချက်အလက်တွေဟာ မြေပြင်နဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်တွက်ချက်ထားတဲ့အပေါ် အခြေခံစာရင်းပြုစုထားတာဖြစ်ပြီး လုံခြုံရေးအခြေအနေတွေကြောင့် အချက်အလက်ကောက်ယူဖို့ ခက်ခဲတဲ့ဒေသတွေ ရှိနေသေးတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူ အရေအတွက်ဟာ ဒီအရေအတွက်ထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
