မြန်မာတွေအတွက် ထိုင်းမှတ်ပုံတင်ကတ်အတုလုပ်ပေးတဲ့ဂိုဏ်းကို မဲဆောက်မြို့မှာဖမ်းဆီး

မှတ်ပုံတင်တစ်ခုကို ဘတ်လေးသောင်းကနေ တစ်သိန်းအထိယူပြီး လူ ၇၀၀ ကျော်ကို ထုတ်ပေးထားတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ တောင်ပေါ်သားကတ်လို့ ခေါ်တဲ့ ၁၀ နှစ်နေထိုင်ခွင့်လက်မှတ်အတုတွေလုပ်မှုနဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်းနိုင်ငံသားလေးယောက်နဲ့ မြန်မာနိုင်ငံသား ခုနှစ်ယောက်ကို သြဂုတ်လ ၄ ရက် အင်္ဂါနေ့မှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မဲဆောက်ခရိုင်ရဲ့ လက်ထောက်မှတ်ပုံတင်အရာရှိဟောင်းက မှတ်ပုံတင်တစ်ခုကို ဘတ်လေးသောင်း ကနေ တစ်သိန်းအထိယူပြီး လူ ၇၀၀ ကျော်ကို ထုတ်ပေးထားတယ်လို့ဆိုပါတယ်။ အဖမ်းခံရတဲ့ မြန်မာခုနှစ်ယောက်မှာ အဲဒီမှတ်ပုံတင်အတုတွေကိုင်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။ ထိုင်းလေး ယောက်မှာတော့ နှစ်ယောက်က အမျိုးသမီးဖြစ်ပြီး သူတို့ထဲကတစ်ယောက်က အိမ်ရှင်အဖြစ် နာမည်ခံပေးတဲ့သူလို့ဆိုပါတယ်။ တစ်ယောက်က မှတ်ပုံတင်ရုံးဝန်ထမ်းဖြစ်ပြီး နောက်တစ်ယောက်က မဲဆောက်မြူနီစပယ်ရုံးက ယာယီဝန်ထမ်းဖြစ်ပါတယ်။ မဲဆောက်မြို့က ၂၅ နေရာကို စီးနင်းရှာဖွေပြီးမှ ဖမ်းမိတာလို့ ဒုတိယရဲချုပ် Samran Nualma ကပြောပါတယ်။

ဒီဂိုဏ်းက သုညနဲ့စတဲ့နံပါတ်နဲ့ လက်မှတ်တုတွေထုတ်ပေးထားတာတွေ့ရသလို၊ အဲဒီလက်မှတ်ကိုင် ထားတဲ့သူတွေမှာ အိမ်လိပ်စာမှတ်ပုံတင်ထားတာမရှိဘူးလို့ ဆိုပါတယ်။ ဒီလက်မှတ်ကိုင်ထားတဲ့သူ တွေဟာ နယ်စပ်မှာတရားဝင် သွားလာနေထိုင်ခွင့်ရနေကြပါတယ်။

ဆူရတ်ဌာနီခရိုင်မှာ ဒီလိုလက်မှတ်တုကိုင်ထားတဲ့သူ ၁၁ ယောက်ကိုဖမ်းမိရာကနေ တစ်လအကြာမှာ မဲဆောက်က ဂိုဏ်းကိုဖမ်းမိတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အဓိကကျတဲ့သူက လက်ထောက် မှတ်ပုံတင်အရာရှိဟောင်း ဖြစ်ပြီး သူ့နာမည်ကို “ကစ်” လို့ခေါ်ပါတယ်။ သူ့ဇနီးဟာ ထိုင်း မြန်မာနယ်စပ် က လက်နက်မှောင်ခိုဂိုဏ်းနဲ့ပတ်သက်နေ တဲ့အမှုနဲ့ မနှစ်ကအရေးယူခံရတဲ့အတွက် သူ့ကို အလုပ်ကနေထုတ်ထားတာလို့ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီထိုင်းအရာရှိဟောင်းဟာ အခုတော့ ကရင်နယ်ခြားစောင့်တပ်ထိမ်းချုပ်ထားတဲ့နယ်မြေထဲမှာရှိနိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကယူဆထားတဲ့အကြောင်း ထိုင်းဒေသတွင်းသတင်းတစ်ပုဒ်မှာရေးထားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့တဲ့သူ ဒါမှမဟုတ် တိုင်းရင်းသားလူမျိုးစုငယ်တွေကို သုညနဲ့စတဲ့ မှတ်ပုံတင်ထုတ်ပေးသလို အဲဒီလက်မှတ်ရှိတဲ့သူတွေက တရားဝင်နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုခွင့်၊ အလုပ်လုပ်ခွင့်ရှိပါတယ်။ အဲဒီကတ်သက်တမ်း ငါးနှစ်ပြည့်ပြီးတဲ့အခါမှာတော့ ထိုင်းနိုင်ငံထဲမှာ လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရှိသလို၊ နိုင်ငံသားအဖြစ်လျှောက်ထားခွင့်လည်းရှိပါတယ်။