မြန်မာစစ်ခေါင်းဆောင်တွေနဲ့ဆက်ဆံရေးမှာ ထိုင်းဘက်ကအမြဲအမြတ်ထွက်ကြောင်း လေ့လာသူတွေပြော

ထိုင်းသည် မြန်မာနိုင်ငံကို နှစ်ဖက်ခွပေါ်လစီကျင့်သုံးတယ်။ ထိုင်းသည်ဘယ်တော့မှ မြန်မာနိုင်ငံကို လက်မလွှတ်ဖူး။ အထူးသဖြင့် အာဏာရှင်ကိုသိပ်ကြိုက်တယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ် အနုတင် က တရားဝင်ဖိတ်ကြား တွေ့ဆုံတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာထင်ရှားတဲ့သတင်းတပုဒ်ဖြစ်နေပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ စိမ်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ ထိုင်းနိုင်ငံဟာ မိတ်ဆွေကောင်းပီသစွာအစဥ်ရပ်တည်ပေးခဲ့ပြီး၊ နားလည်မှုရှိ” ခဲ့တဲ့အကြောင်း စစ်ခေါင်းဆောင်ဟောင်းကပြောပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရအဆက်ဆက်က မြန်မာစစ်ခါင်းဆောင်အဆက်ဆက်ကို အရေးပေးဆက်ဆံတာဟာ အခုမှမဟုတ်ပဲ ၁၉၈၈ အရေးတော်ပုံပြီးကတည်းကဖြစ်ပါတယ်။

“၈၈ ကတည်းက တောက်လျှောက်ရှိလာတာက သူတို့အနေနဲ့ အစိုးရပေါ့၊ ဗဟိုအစိုးရ ဒါမှမဟုတ် စစ်တပ် အစိုးရက ဘယ်လိုပုံစံမျိုး လုပ်နေတဲ့ဟာတွေ ကောင်းခြင်းဆိုးခြင်းဆိုတဲ့ဥစ္စာကို သူတို့အနေနဲ့ ဆုံးဖြတ် တာမလုပ်ဘူး။ ဒါပေမဲ့ အဲလိုမျိုး လုပ်နေတဲ့ဥစ္စာမှာ သူတို့ရဲ့ လုပ်ဆောင်မှု ကိုယ့်ရဲ့ စိုးရိမ်မှု အဲဒီဟာတွေကို အမြဲတမ်း ထိတွေ့ဆက်ဆံခြင်းအားဖြင့် ပြောဆိုဆက်ဆံပြီးတော့ သူ့အကျိုးကိုယ့်အကျိုးကို ဖော်ဆောင်လို တယ်ဆိုတဲ့ ပုံစံမျိုးတော့ ကျွန်တော်တို့ နားလည်လို့ရတယ်။ အဲဒီဟာက အခုအချိန်ထိ မပြောင်းသေးတဲ့ သဘောလို့လည်း နားလည်လို့ရပါတယ်။”

မြန်မာ့အရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးပြောပြတာပါ။

မြန်မာလူထုရဲ့ ၈၈ လေးလုံးအရေးတော်ပုံကို ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း တာနဲ့ အဆုံးသတ်လိုက်ပြီးတဲ့နောက် နိုင်ငံတကာကပြစ်တင်ရှုတ်ချနေတဲ့ကာလမှာပဲ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထိုင်းဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုုင်ယုက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုလာတွေ့ခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးပဲပြောပြော ပြည်သူ့အောင်ပွဲအဆုံးအဖြတ်အတွက် ထိုင်းနိုင်ငံက အရေး ကြီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ သဘောထားကို သေသေချာချာသိဖို့ လိုတယ်။ ထိုင်းနိုင်ငံက တခန်းတနားကြိုဆိုတယ်ဆိုတာခုမှမဟုတ်ဘူး။စောမောင်ကနေ မင်းအောင်လှိုင်အဆုံး၊ အကုန်လုံးသူတို့အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို ပြယုဂ်တွေ ပေါ့ဗျာ။ ဒီလိုလုပ်ခဲ့တာ ဘာကြောင့်လဲ။ သူတို့အကျိုးအမြတ်အတွက် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားရရှိမှုအတွက် သူတို့က ပေါ်လစီကိုအဲလိုကျင့်သုံးတယ်လို့ အကြမ်းဖျဥ်းကျွန်တော်ချုပ်ပြောပါရစေ“

ဒါကြောင့် ထိုင်းအစိုးရဟာ အမြဲတမ်းနှစ်ဖက်ခွမူဝါဒကိုကျင့်သုံးလေ့ရှိပြီး ဒီလိုကျင့်သုံးတဲ့အတွက် ထိုင်းနိုင်ငံ အတွက် အကျိုးစီးပွားအကြီးအကျယ်ရတယ်လို့ စီးပွားရေးသုတေသီ ဆရာဦးစိန်ဌေးက သုံးသပ်ပါတယ်။

“ အကိုကြီး ညီလေးလုပ်လိုက်တဲ့အခါမှာ သူ့ဘက်က ကျွန်တော်တို့ဆီက သဘာဝသယံဇာတအရင်းအမြစ် အကြီးမားဆုံးက သစ်တောနဲ့ကျန်တာတွေပါသေးတယ်။ နောက် Trade ကုန်သွယ်ရေးကိုဖွင့်လိုက်တယ်ဗျာ။ Border Trade (နယ်စပ်ကုန်သွယ်ရေး) သန်းရွှေခေတ်မှာ တရားဝင်ပွင့်သွားတယ်။ ကျွန်တော်တို့ဘက်ကအရှုံး။ ကျွန်တော်တို့ဘက်က တန်ဖိုးရှိတဲ့ ကုန်ကြမ်း သတ္တုတို့ဘာတို့ထွက်သွားတာ။ သူတို့ဆီကပြန်ဝင်လာတာ အစား အသောက်၊ တခါသုံးပစ္စည်းတွေ။ အဲတော့ ကျွန်တော်တို့ကနှစ်ခါရှုံးတယ်။ သူတို့က နှစ်ခါမြတ်တယ်ဗျာ။ ဒါတစ်ချက်။ နောက်တစ်ချက် labor အလုပ်သမား။ သူတို့ရဲ့ကုန်ထုတ်လုပ်မှုတွေမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဗျာ။ ဒါကြောင့် ထိုင်းသည် မြန်မာနိုင်ငံကို နှစ်ဖက်ခွပေါ်လစီကျင့်သုံးတယ်။ ထိုင်းသည်ဘယ်တော့မှ မြန်မာနိုင်ငံကို လက်မလွှတ်ဖူး။ အထူးသဖြင့် အာဏာရှင်ကိုသိပ်ကြိုက်တယ်။ အဲလိုပဲ ကျွန်တော့်အနေနဲ့ အထောက်အထားနဲ့ရှင်းပြပါရစေခင်ဗျ “

အခုလိုအခြေအနေမှာ ထိုင်းနဲ့မြန်မာ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှု ဆက်တည်ဆောက်ဖို့လိုအပ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ရှုမြင်ပါတယ်။

“ကျွန်မတို့ ပြည်သူတွေ အနေနဲ့က ရေရှည်မှာ ထိုင်းပြည်သူတွေ၊ ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေ၊ ထိုင်း လူငယ်တွေနဲ့ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။ အဲတော့ သူတို့ ဒီထိုင်းပြည်သူတွေက တင်မြှောက်လိုက်တဲ့ အစိုးရက ကျွန်မတို့ နိုင်ငံရဲ့ အရေးကို ဘယ်လောက်ထိ သူတို့ ရေရှည်တွေးတတ်လဲ ဆိုတာ သွားစကားပြောတာ ဖြစ်တယ်။ အဲတော့ ဒီထိုင်း ပြည်သူတွေရဲ့ နိုင်ငံရေး စဉ်းစားချက်တွေကလည်း ပြောင်းလာဖို့ လိုတယ်။ အဲဒါမှသာလျှင် အစိုးရတွေ ပြောင်း လာမယ်။ အစိုးရတွေ ပြောင်းလာမှ စဉ်းစားချက်တွေ ပြောင်းလာမယ် ဆိုတာ ကျွန်မတို့ ဒါ ကျွန်မတို့ သင်ခန်းစာဖြစ်တယ်ပေါ့နော်”