အာဏာသိမ်းစစ်တပ်ကြောင့် လေးလအတွင်း ပြည်သူ ၃၀၀ နီးပါးသေဆုံးဟု AAPP ပြော

အဲဒီကာလအတွင်း မကွေးတိုင်းမှာ သေဆုံးသူ ၅၉ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၅၀ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ဟုဆို။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီး လေးလအတွင်း စစ်တပ်နဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၂၆၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ နိုင်ငံတဝန်း သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီး ၉၃ ဦးနဲ့ အမျိုးသား ၁၇၄ ဦး ပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၄၂ ဦးလည်း ပါဝင်တယ်လို့ AAPP က ပြောပါတယ်။

အဲဒီကာလအတွင်း မကွေးတိုင်းမှာ သေဆုံးသူ ၅၉ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၅၀ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် AAPP က အတည်မပြုနိုင်သေးတဲ့ သေဆုံးသူ ၄၁၀ ဦးစာရင်းကိုလည်း သီးခြားကောက်ယူထားပြီး ဆက်လက်အတည်ပြုနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တိုးတက်ရေးတွေ လုပ်မယ်လို့ ပြောဆိုနေပေမယ့် တစ်ဖက်မှာတော့ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မင်းအောင်လှိုင်က ပြောတော့သာ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးတွေ အရှက်မရှိပြောနေတာ။ အဲဒါတွေက ပြည်သူ့အတွက်လား၊ သူ့သားသမီးတွေအတွက်လား မေးခွန်းထုတ်စရာကို မလိုတော့ဘူး။ နေ့တိုင်း လေယာဉ်နဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာ ဘယ်လိုလုပ် ငြိမ်းချမ်းရေးရမှာလဲ။ တစ်နိုင်ငံလုံး ပြေးလွှားကြောက်လန့်စိုးရိမ်နေကြရတာ။ အခုလည်း တစ်နိုင်ငံလုံးနီးပါး ပြည်သူတွေ ရေဘေးသင့်နေတာ၊ ရဟတ်ယာဉ်နဲ့ မကူညီဘဲ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာလေ”

ဇွန်လ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ငါးဦး သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် နှစ်ဦး ပါဝင်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက်အထိ စစ်တပ်ခန့်အစိုးရနဲ့ စစ်တပ်ရဲ့လက်အောက်ခံ အဖွဲ့တွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ရှစ်ထောင်ကျော် (၈,၂၃၉) သေဆုံးခဲ့တယ်လို့ AAPP က ပြောပါတယ်။

ဒါ့အပြင်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁,၆၈၆ ဦးရှိပြီး အဲဒီထဲက ၂၂,၅၁၀ ဦးကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

AAPP ရဲ့ စာရင်းတွေဟာ လက်လှမ်းမီသမျှ ကောက်ယူအတည်ပြုထားတဲ့ အချက်အလက်တွေဖြစ်ပြီး အမှန်တကယ် သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။