မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ရွာနေတာနဲ့ ဆည်ရေတွေ ဖောက်ချတာတွေကြောင့် ရေကြီးရေလျှံနေပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၁၅ ခုမှာ လူဦးရေ လေးသိန်းကျော် ရေဘေးသင့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၉ ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။
NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ လူဦးရေ နှစ်သိန်းကျော် (၂၂၃,၇၆၁ ဦး)၊ မန္တလေးတိုင်းမှာ တစ်သိန်းခွဲကျော် (၁၅၀,၃၀၀ ဦး)၊ ဧရာဝတီတိုင်းမှာ လေးသောင်းကျော် (၄၀,၁၉၆ ဦး)၊ မကွေးတိုင်းမှာ ၆ဝဝ နီးပါး (၅၈၆ ဦး)နဲ့ စုစုပေါင်း လူဦးရေ လေးသိန်းကျော် (၄၁၄,၈၄၃ ဦး) ရေဘေးသင့်နေပါတယ်။
ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရထားသလို နှစ်ဦး ပျောက်ဆုံးနေဆဲပဲလို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေဘေးသင့်နေတဲ့ မြို့နယ် ၁၀ ခုရှိပြီး အဲဒီထဲက ကောလင်း၊ ခင်ဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ အခြေအနေ ဆိုးရွားနေတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့ဒေသခံတစ်ဦးကတော့ ဆည်ရေဖောက်ချတာဟာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
“စစ်တပ်က သူတို့ ရည်ရွယ်ထားတဲ့အတိုင်း တော်လှန်ရေးစိုးမိုးနယ်မြေတွေကို ဖျက်ဆီးချင်လို့ ဆည်တွေကို ဖောက်ချနေတာလို့ ခန့်မှန်းမိပါတယ်”
ဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ စစ်တပ်ဘက်က တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စိုက်ပျိုးမြေဧက အနည်းဆုံး လေးသောင်းကျော် (၄၄,၃၇၀) ရေနစ်မြုပ်တာ၊ ချောင်းကူးတံတားတွေ ပျက်စီးနေတာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေ အရေးပေါ်လိုအပ်နေပါတယ်။
သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ မြစ်ရေ ဆက်လက်မြင့်တက်နေတာကြောင့် မိုးဆက်တိုက်ရွာနေရင် ရေပိုကြီးလာနိုင်တယ်လို့ NUG က သတိပေးထားပါတယ်။
ဒါကြောင့် မိုးလေဝသနဲ့ မြစ်ရေအခြေအနေတွေကို မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ အထူးဂရုစိုက်စောင့်ကြည့်ကြဖို့နဲ့ ရေကြီးရေလျှံနိုင်တဲ့ အခြေအနေရှိလာရင် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
စစ်တပ်ခန့်အစိုးရကတော့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်မှုနောက်ဆက်တွဲ ရေကြီးနေတဲ့အခြေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့အခြေအနေတွေကို နေ့စဉ်သတင်းထုတ်ပြန်နေပါတယ်။
စစ်ကိုင်း နဲ့ မကွေးတို့လို အညာဒေသက ရေဘေးအခြေအနေကိုတော့ တစ်စုံတရာသတင်းထုတ်ပြန်တာ မတွေ့သေးပါဘူး။
ဒေသခံ သိန်းနဲ့ချီ ရေဘေးကြုံနေရတဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေကို သိရဖို့အတွက် စစ်တပ်ခန့်အစိုးရအဖွဲ့ စစ်ကိုင်းတိုင်း စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်ခန့်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
