အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် တလိုင်းတောင်ရွာကို ဩဂုတ် ၈ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရထားတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၈ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတာဖြစ်ပြီး ကိုအောင်ပိုင် မိသားစုပိုင် ကားဝပ်ရှော့နဲ့ အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကိုအောင်ပိုင်ရဲ့ မိခင် အသက် ၆၇ နှစ်အရွယ် ဒေါ်မလေးငယ်နဲ့ ကားဝပ်ရှော့အလုပ်သမားဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် မောင်ဉာဏ်တို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ AA က ဖော်ပြပါတယ်။ ကိုအောင်ပိုင်ရဲ့ ဇနီးဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ်သမီးအပြင် နောက်ထပ်အလုပ်သမားတစ်ဦးတို့က ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့ကို ဂျက်တိုက်လေယာဉ် ၆ စီး၊ Y-12 ၂ စီး စုစုပေါင်း လေယာဉ် ၈ စီးနဲ့ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးနဲ့ ရေဘေးရှောင်နေတဲ့ အရပ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်နဲ့ ငပလီကမ်းခြေကို ဩဂုတ်လ ၃ ရက်နေ့က ဂျက်တိုက်လေယာဉ် ၃ စီး၊ Y12 ၁ စီးနဲ့ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး နေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလို (၂၀) ခန့်နဲ့ လူ့အသုံးအဆောင်ပစ္စည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို တိုက်လေယာဉ်အများအပြားသုံးပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ AA က ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုနဲ့ နေအိမ်အဆောက်အုံ ပျက်စီးဆုံးရှုံးမှုတွေ နေ့စဉ် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားဖူးပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ကလည်း သံတွဲမြို့နယ် ရွှေလှေရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁ နှစ်ကျော်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပါတယ်။
