စစ်ကိုင်းတိုင်းမှာ ရေဘေးဒုက္ခသည် တစ်သိန်းကျော် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်နေ

မြို့နယ် ၈ မြို့နယ်၊ ရွာ ၁၆၀ ကျော်ရေဘေးကြုံနေရပြီး သေဆုံးတဲ့သူအနည်းဆုံး ၁၀ ယောက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်းမိုးများတဲ့အတွက် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်၊ ကင်းတပ်ရေလွှဲတမံ နဲ့ ကာဘိုးဆည်တွေကနေ ရေလွှတ်ချလိုက်လို့ မြို့နယ် ၈ မြို့နယ်မှာ ရေကြီးရေလျှံပြီး ဘေးလွတ်ရာကိုရွှေ့ပြောင်းနေရပြည်သူတွေ သိန်းနဲ့ချီရှိသလို၊ သေဆုံးတဲ့သူအနည်းဆုံး ၁၀ ယောက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

ဆည်တွေမှာစိုးရိမ်ရေမှတ်ရောက်လာပြီး ဆည်တာဝန်ရှိသူတွေကအများပြည်သူကိုအကြောင်းမကြားဘဲ ရေတွေဖောက်ချတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ တာဝန်ရှိသူ ကိုနေသူရက RFA ကို ပြောပါတယ်။

“ခင်ဦးမြို့ရဲ့ အထက်မှာဆိုရင် ကန့်ဘလူရှိမယ်၊ ရေဦးရှိမယ်၊ တန့်ဆည်ရှိမယ်။ ခင်ဦးရဲ့ အောက်မှာဆိုရင် ဒီပဲယင်းရှိမယ်၊ ရွှေဘိုရှိမယ်၊ စတဲ့ မြို့နယ် ၆ မြို့နယ်လောက်က ကျေးရွာပေါင်း တစ်ရာမကဘူး။ စိုက်ပျိုး ဧကတွေပေါင်းလိုက်ရင် ထောင်ချီသွားလိမ့်မယ်။ အဲဒါတွေအားလုံးက မူးမြစ်ရေကြောင့် နစ်မြုပ်သွားရတာ။ အဲဒီမူးမြစ်ရေကဘာကြောင့်လဲဆိုရင် သဖန်းဆိပ်ကနေ စိုးရိမ်ရေအမှတ်ရောက်ခါနီး အကြောင်းမကြားဘဲနဲ့ တန်းလွှတ်လိုက်တဲ့ အဆမတန်ရေပမာဏကြောင့် အောက်မှာရှိတဲ့ ကင်းတပ်ဆည်၊ ကာဘိုးဆည်တွေက လည်းမနိုင်တော့ဘဲနဲ့ ရေလွှဲပေါက်အားလုံးကို ထပ်မံလွှတ်လိုက်တဲ့အတွက်ကြောင့် အခုလို ပိုပြီး နစ်မြုပ်သွား ရတာပါ”

ဩဂုတ် ၆ ရက်မှာ ဒီပဲယင်းမြို့နယ်က ကောက်စိုက်သမ အမျိုးသမီး ၆ ဦး၊ ဩဂုတ် ၇ ရက်မှာ တန့်ဆည် မြို့နယ် က ၁ ဦးနဲ့ ကန့်ဘလူ မြို့နယ်က ၂ ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တဲ့ စာရင်းတွေရထား တယ်လို့ ကိုနေသူရက ပြောပါတယ်။

ကန့်ဘလူမြို့နယ် မူးမြစ်ကမ်းနားမှာ ၁၄ ရွာ၊ တန့်ဆည်မြို့နယ်မှာရွာ ၂၀ ၊ ရေဦးမြို့နယ်မှာရွာ ၅၀ ကျော်၊ ခင်ဦး မြို့နယ်မှာ ၁၉ ရွာ၊ ဒီပဲယင်းမြို့နယ်မှာ ၂၁ ရွာ၊ ရွှေဘိုမြို့နယ်မှာ ၁၈ ရွာနဲ့ ဝက်လက်မြို့နယ်မှာ ၁၉ ရွာ စုစုပေါင်း ရွာ ၁၆၀ ကျော်ရေဘေးကြုံနေရတယ်လို့ ဒေသအလိုက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရေဘေးကူညီဖို့အတွက် အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ - ဖွဲ့ထားပြီး လက်ရှိမှာစားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု အထွေထွေလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က RFA ကိုပြောပါတယ်။

“စစ်ကိုင်းတိုင်းထဲမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေကတော့ လူဦးရေအနေနဲ့ဆိုရင် တစ်သိန်းကျော်ကျော်၊ တစ်သိန်းတော်တော်ကျော်မယ်။ အိမ်ထောင်စုကတော့ သောင်းဂဏန်းနီးပါးလောက်တော့ရှိမယ်၊ အဓိကလိုအပ် နေတာကတော့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေပါ၊ ပြီးရင်ဆေးဝါး၊ လှေတွေဘာညာကလဲ ရှိရင်တော့ ကောင်း တာ ပေါ့လေ၊ သွားရေးလာရေးအတွက် အဓိကလိုအပ်တာကိုး၊ တခြားဒေသမှာရှိတဲ့ပြည်သူတွေလည်း ကိုယ့်ရဲ့ တော်လှန်ရေးဒေသမှာကိုယ့်ရဲ့နိုင်ငံအတွင်းမှာရှိနေကြတဲ့ ကိုယ့်ရဲ့ပြည်သူတွေဒုက္ခရောက်နေတာကို အချင်းချင်း ဖေးမကူညီကြဖို့လည်း မေတ္တာရပ်ခံပါတယ်ခင်ဗျာ”

ခင်ဦးနယ်က ၁၉ ရွာမှာ အကူအညီလိုနေတဲ့ ပြည်သူပေါင်း (၃)သောင်းကျော်ရှိပြီး ကျွန်း‌တောကြီး‌ရွာက အသက် ၆၀ ကျော် အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ရသလို၊ အဲဒီရွာတွေဟာ စစ်တပ်က မီးရှို့ဖျက်ဆီးတာခံထားရတဲ့ ရွာတွေ ဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကတင်ပြထားပါတယ်။

ဒီအတောအတွင်း စစ်တပ်ခန့်အစိုးရရဲ့ သွားလာရေးနယ်မြေကန့်သတ်မှုတွေကြောင့် ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ဖို့ ပိုပြီး အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲက ကိုနေသူရက - RFA ကိုပြောပါတယ်။

“တစ်ရွာနဲ့တစ်ရွာ သွားဖို့အခက်ခဲတွေရှိနေကြတယ်ပေါ့၊ထောက်ပံ့မှုအတွက်လည်း လမ်းကြောတွေအားလုံးက မိုးရွာနေတာကြောင့်ရယ်။ နဂိုကတည်းက စစ်ကောင်စီက ကျွန်တော်တို့မြို့နယ်တွေ ကို အသွားအလာတွေ ကအစ စစ်ဆေးတွေများတဲ့အတွက် ခက်ခဲပြီးတော့ ထောက်ပံ့မှုတွေအတွက်လည်း ခက်ခဲနေရတယ်ပေါ့နော်”

မူးမြစ်ရိုးတလျှောက်မှာ မြွေအန္တရာယ်လည်း ရှိနေပြီး မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“မိဘပြည်သူများအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဒါမှမဟုတ် မြွေကိုက်ခံရခြင်းရှိပါက နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် မြေပြင်အုပ်ချုပ်ရေးအဖွဲ့များထံ အမြန်ဆုံးဆက်သွယ် အကူအညီတောင်းခံ နိုင်ပါတယ်ခင်ဗျာ”

ရေဘေးကြောင့် ကင်းတပ်ဆည်အောက်ဘက်က မူးမြစ်ကူးတံတား ၂ စင်း၊ တူးမြောင်းကူးတံတား ၁ စင်းနဲ့ အိမ်အချို့ ရေထဲမျောပါခဲ့ပြီး တူးမြောင်းဘောင်လည်း ကျိုးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ စစ်ကိုင်းတိုင်း စီမံကိန်း - စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်တွင်းပြည်ပစေတနာရှင်တွေအနေနဲ့ ကူညီပေးကြဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ လူသား ချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက် နေ့က မေတ္တာရပ်ခံထားပါတယ်။