ရုရှားနိုင်ငံရဲ့ ၇ မြို့မြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ချူလီယာဘင့်စ် (Chelyabinsk) မြို့ဇာတိ အသက် ၁၉ နှစ်အရွယ် ရုရှားမိန်းကလေးတစ်ဦးဟာ မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုက နေ ဆိုင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဒေသခံ သတင်းတွေကို ကိုးကားပြီး ရုရှားအစိုးရပိုင် တာ့စ် (Tass) သတင်းဌာနက သြဂုတ်လ ၁၀ ရက်နေ့က ရေးသားပါတယ်။
မာရီယာ ဆီဂန်ကိုဗာ (Mariia Tsygankova) အမည်ရှိတဲ့ ဒီအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အသိတစ်ယောက်က မြန်မာနိုင်ငံ မန္တလေးမြို့မှာ တစ်လ အမေရိကန်ဒေါ်လာ ၃၀၀၀ လစာနဲ့ အလုပ်ရဖို့ ကတိပေးပြီး တိုက်တွန်းခဲ့ကြောင်း၊ ပထမ တရုတ်နိုင်ငံကို အရင်သွားရောက်ပြီး တရုတ်နိုင်ငံမှ ရန်ကုန်ကို လေကြောင်းနဲ့ ရောက်ရှိပြီး ရန်ကုန်မှာ လူခံတစ်ယောက်ကတစ်ဆင့် သူ့ရုပ်ရည်ကို သုံးပြီး ယောက်ျားတွေကို အွန်လိုင်းခရစ်ပတို ငွေကြေးမှာ ရင်းနှီးမြုပ်နှံဖို့ ဖျားရောင်းဖို့ အကြပ်ကိုင်ခဲ့ကြောင်း၊ သူက လက်မခံတဲ့အတွက် သူတို့က ရိုက်နှက်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။
ချင်းရိုင်ခရိုင် မဲဆိုင်မြို့နယ်ဘက်ကို မလာရောက်ခင် တာချီလိတ်မြို့ကို ထွက်ပြေးပြီး အကူအညီတောင်းခံရာမှာ ရုပ်ပိုင်းဆိုင်ရာ စော်ကားခံရပြီး လက်မောင်းနဲ့ခြေထောက်တွေမှာ အညိုအမဲဒဏ်ရာများ တွေ့ရှိရကြောင်း၊ ကမ္ဘာလှည့်ခရီးသွားစောင့်ရှောက်ရေး ရဲတွေက သူ့ကိုတွေ့ရှိပြီး မဲဆိုင်ဆေးရုံကို ပို့ဆောင်ကုသ စေခဲ့တယ်လို့လည်း ထိုင်းမန်နေဂျာသတင်းမှာ ရေးသားထားပါတယ်။
မာရီယာဟာ ထိုင်းဘက်ကမ်းကိုရောက်စဥ်မှာ ဒေသခံအမျိုးသားတစ်ဦးတွေ့ပြီး ကုန်တိုက်တစ်ခုရဲ့ ကားရပ်နားရာနေရာမှာ မိခင်ဖြစ်သူကို ဆက်သွယ်လိုကြောင်း၊ ရုရှားနိုင်ငံကို ပြန်လိုကြောင်း အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ မဲဆိုင်အာဏာပိုင်တွေက ထိုင်းနိုင်ငံရှိ ရုရှားသံရုံးကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဘန်ကောက်ရုရှားသံရုံးကတော့ ဒီကိစ္စ အသေးစိတ်ကို မသိရသေးဘူးလို့ Tass သတင်းဌာနကို ဖြေကြားထားပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ဒီအမျိုးသမီးဟာ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေရဲ့ သားကောင်တစ်ဦးလို့ သံသယရှိထားပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဖော်ထုတ် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
