မန္တလေးတိုင်း၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာ ဩဂုတ်လ ၉ ရက်နေ့အထိ ရေကြီးရေလျှံမှု၊ မြေပြိုကျမှုတွေကြောင့် နေအိမ် ၃၀ ထက်မနည်း ပျက်စီးပြီး ရွာပေါင်း ၁၀ ရွာ ထက်မနည်း ရေလွှမ်းနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက RFA ကို ပြောပါတယ်။
မိုးကုတ်မြို့မှာ ၄၄ နှစ် အတွင်း မိုးရေချိန် စံချိန်တင်ခဲ့တာကြောင့် နေရာအနှံ့မှာ မြေပြိုမှုတွေ နေ့စဉ်ဖြစ်နေတာလို့ မြန်မာနိုင်ငံ ကူညီကယ်ဆယ်ရေးအဖွဲ့ မိုးကုတ်မြို့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“မိုးကုတ်မှာ တော်တော်လေးကို ပျက်စီးဆုံးရှုံးမှုများတယ်လို့ ပြောလို့ရတယ်။ ရပ်ကွက်နေရာတော်တော်များမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်နေတာ။ မိုးက အဆက်မပြတ်ရွာ၊ ရေကစိမ့်ဝင်၊ မြေကကျွံတော့ အဆောက်အအုံတွေက နေ့စဉ် ပြိုကျနေတာ။ ပြောချင်တာက နေ့တိုင်းလိုလိုကို ဖြစ်နေတယ်ဗျ။ ဒါပေမဲ့ လူထိခိုက်သေဆုံးတာမျိုးတွေတော့ လောလောဆယ်မှာ မရှိသေးဘူး”
မိုးအဆက်မပြတ် ရွာနေတာကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ တစ်ပတ်အတွင်း နေအိမ် ၃၀ ထက်မနည်း မြေပြိုကျပြီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မတ္တရာမြို့နယ်မှာလည်း မိုးများပြီး ဆည်တော်ကြီးဆည်ရေတံခါးတွေ ဖွင့်ချခဲ့တာကြောင့် တံငါချောင်းရေလျှံကာ ကျေးရွာ ၁၀ ရွာ ထက်မနည်း ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းပေါ် အထိ ရေတက်လာတာကြောင့် ကားလမ်းကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ၊ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးတာတွေ စတဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက တိုင်း နဲ့ ပြည်နယ်တွေမှာ ဩဂုတ်လ ၉ ရက် ကနေ ၁၂ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၉ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။
