စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းဘေး ကနီမြို့နယ် ယာကြီးရွာက ခရီးသွားကားတွေ ထမင်းစားနားတဲ့ စျေးဆိုင်တန်းနေရာကို ဩဂုတ်လ ၁ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာအပြင် ပါရာမော်တာတွေနဲ့ပါ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဓာတ်ဆီဆိုင်အပါအဝင် နေအိမ် ငါးလုံး၊ ဆီတင်ကား တစ်စီးနဲ့ ကုန်တင်ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မွန်းလွဲ ၃ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မုံရွာ-ယာကြီး- ကလေး၀လမ်းမှာ ယာကြီးဆိုတာ အချက်အချာကျတဲ့နေရာပေါ့။ ယာကြီးမှာ အများစုက ဆိုင်ကယ်သမားတွေ ကားတွေ ခရီးသွားတွေက ထမင်းစားနားကြတဲ့နေရာ။ ထမင်းဆိုင်လည်း သုံး၊ လေးဆိုင်လောက်ရှိတယ်။ အဲဒီကို လေကြောင်းတိုက်ခိုက်သွားတာ ဆယ်ရွာက စျေးဝယ်လာတဲ့ အမျိုးသားတစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးတွေကတော့ ရွာခံတွေပဲ။ လေယာဉ်နဲ့ ကြဲပြီး နောက်ထပ် ပါရာမိုတာတွေနဲ့ ဗုံးထပ်ကြဲတဲ့အချိန်မှာ နေအိမ် ၂ လုံးက မီးထပ်လောင်တာ၊ စုစုပေါင်း နေအိမ်မီးလောင်တာက ၅ လုံးပေါ့”
ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းပေါ်မှာရှိတဲ့ ကနီမြို့နယ် ချောင်းမရွာမှာ အင်အား ၂၅၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်က ဇူလိုင်လ ၁၀ ရက်နေ့မှာ ယက္ကန်းတိုင်ရွာကို စစ်ကြောင်းထိုးစီးနင်းခဲ့ပြီး ရွာထဲမှာရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို လှည်း ကိုးစီးနဲ့ သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေထဲကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဇူလိုင်လ ၇ ရက်နေ့ စစ်တပ်ထုတ်ပြန်ချက်မှာတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းရေးအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး ကလေး-တမူး လမ်းကြောင်းကတဆင့် ကလေး၀၊ မုံရွာမြို့တွေကို ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ ကုန်သွယ်နိုင်တဲ့ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။
မုံရွာ-ယာကြီး-ကလေး၀ လမ်းကြောင်းမှာ မေလကုန်လောက်ကတည်းက စစ်တပ်ထိုးစစ်ကြောင့် ယင်းမာပင်၊ ကနီနဲ့ မင်းကင်းမြို့နယ်တွေက လူပေါင်း သုံးသောင်းကျော် ဒီနေ့အထိ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
