စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သစ်ညိုပင်ရွာ ဘုန်းကြီးကျောင်းကို ဩဂုတ်လ ၁ ရက်နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ ဒဏ်ရာရတာအပြင် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင်၊ နေအိမ်တစ်လုံးနဲ့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းတို့ ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“တိုက်ပွဲလည်းမရှိသလို အနီးအနားမှာ တော်လှန်ရေးတပ်တွေ အထိုင်ချထားတဲ့နေရာမျိုးလည်းမရှိဘဲ အကြောင်းမဲ့သပ်သပ် ဗုံးကြဲတိုက်ခိုက်တာမျိုးပါ။ ဒဏ်ရာရတဲ့သူတွေကိုတော့ လိုအပ်တဲ့ ဆေးကုသပေးမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်ဗျ။ အသက်အန္တရာယ်စိုးရိမ်ရတာမျိုး မရှိပါဘူး”
ဩဂုတ်လ ၁ ရက်နေ့မှာပဲ သစ်ညိုပင်ရွာအပြင် မုံရွာမြို့နယ် ဂျိုးစုရွာကိုလည်း စစ်တပ်က ဂျိုင်ယိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းတစ်စုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
လက်ရှိဗုံးကြဲတိုက်ခိုက်ခံရတဲ့ သစ်ညိုပင်ရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်တပ်က ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ဦးဇင်း ၁ ပါး၊ ကိုရင် ၄ ပါးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့သလို မြေပြင်စစ်ကြောင်းတွေကလည်း ရွာမှာရှိတဲ့ နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ပြည်သူတွေ စုဝေးလေ့ရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလိုနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၈၃ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
