မော်ချီးမြို့ကို စစ်တပ်ဗုံးကြဲလို့ ကလေးတွေအပါအဝင် ၆ ဦးသေဆုံး

ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ မော်ချီးမြို့ အပေါ်ကုန်းနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟုဆို။

ကယား(ကရင်နီ)ပြည်နယ် မော်ချီးမြို့ကို စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရထားတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က RFA ကို ပြောပါတယ်။

စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ မော်ချီးမြို့ အပေါ်ကုန်းနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ကို ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“ဒီညနေ(စက်တင်ဘာ ၁ရက်) ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်နေရာ ဗုံးကြဲတယ်။ လက်ရှိအချိန်ထိ ၆ ဦးသေဆုံးတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၆ ဦး၊ ၇ ဦးရှိပါတယ်။ ပျက်စီးမှုတွေကလည်း တော်တော်များပါတယ်”

ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းကလည်း နန်းမယ်ခုံ မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာလည်း ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေထဲမှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ၆ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆,၀၆၂ ဦးအထိ ရှိခဲ့ပါတယ်။