စစ်တပ်အင်အားကောင်းဖို့ လိုကြောင်း ဒုတပ်ချုပ် ပြော

နိုင်ငံရေးစနစ်မတူတဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိပြီး မဟာဗျူဟာအရ အရေးပါတာကြောင့် နိုင်ငံအပေါ် ဩဇာလွှမ်းမိုးလိုသူတွေရှိဟုဆို။

မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်ကို ကျော်လွှားနိုင်ဖို့ စစ်တပ်အင်အား တောင့်တင်းခိုင်မာဖို့ လိုတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စက်တင်ဘာလ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

နေပြည်တော်က ဇေယျာသီရိဗိမာန်ခန်းမမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အရာရှိတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေက ထုတ်ပြန်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်အင်အား ကောင်းလာတာဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် ပိုဆိုးတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်တပ်အင်အားကောင်းလေ တိုင်းပြည်ပျက်စီးမှုနဲ့ ပြည်သူသေဆုံးမှု ပိုများလေလို့ မြင်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်က ပြည်ပရန်ကို ကာကွယ်တိုက်ခိုက်နေတာမဟုတ်ဘဲ အာဏာတည်မြဲရေးအတွက် နိုင်ငံသားအချင်းချင်းကို တိုက်ခိုက်နေတာပါ။ ပြည်သူကိုကာကွယ်ရမယ့် တပ်မဟုတ်ဘဲ ပြည်သူကို အန္တရာယ်ပြုနေတဲ့တပ်ဖြစ်နေတာကြောင့် စစ်တပ်အင်အား ကောင်းလာတာဟာ တိုင်းပြည်အတွက် ပိုဆိုးလာနိုင်ပါတယ်”

မြန်မာနိုင်ငံဟာ နိုင်ငံရေးစနစ်မတူတဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိပြီး မဟာဗျူဟာအရ အရေးပါတာကြောင့် နိုင်ငံအပေါ် ဩဇာလွှမ်းမိုးလိုသူတွေရှိတယ်လို့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေကလည်း လူမျိုးရေးနဲ့ အယူဝါဒရေးရာတွေကို အကြောင်းပြပြီး နိုင်ငံပြိုကွဲအောင် ကြိုးပမ်းနေတယ်လို့ သူက စွပ်စွဲထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တပ်အင်အားဖြည့်တင်းဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်မှုထမ်းသင်တန်းတွေ ဆက်တိုက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) က ဇွန်လ ၁၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။