မြစ်ခြေမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၅ ဦး သေဆုံး

အိုင်ကြီးရွာနဲ့ ပေါက်တောရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မှာ အိုင်ကြီးရွာနဲ့ ပေါက်တောရွာကို စစ်တပ်က Gyrocopter (ဂျိုင်ရိုကော်ပတာ) နဲ့ ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာတွေက လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တဲ့ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနေ့မှာ အသစ်ဖွင့်ထားတဲ့ စစ်တပ်ဂိတ်တစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒါက ဂျိုင်ရိုကော်ပတာ ပစ်တဲ့အချိန်မှာ သေဆုံးခဲ့တာဗျ။ ပထမ တိုက်ပွဲဖြစ်နေစဉ် ကာလမှာက Mi 35 နဲ့ ပစ်တာပါဗျ။ လတ်တလောမှာ ပြည်သူတွေတော့ ၆ ရွာလောက် ခဏ ရှောင်နေရတယ်။”

အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့သလို ဒေသကာကွယ်ရေးအဖွဲ့ဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီ ပုထိုးတွေ အပါအဝင် သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အိုင်ကြီးရွာ၊ ပေါက်တောရွာ၊ မြို့စိုးရွာ၊ ညောင်နီပင်ရွာနဲ့ ညောင်လှရွာ စတဲ့ ရွာတွေက လူပေါင်း ၈၀၀ ခန့်လည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်းကလည်း ပုဂံမြို့တစ်ဖက်ကမ်း မြစ်ခြေမြို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်နဲ့ အဆောက်အအုံ တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။