ကသာ-ဗန်းမော်လမ်းပေါ်က အရေးပါတဲ့ စင်ခန်းဧရာဝတီမြစ်ကူးတံတားကို စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တံတားပျက်စီးကာ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်ခန်းကျေးရွာအနီးမှာရှိတဲ့ စင်ခန်းဧရာဝတီမြစ်ကူးတံတားဟာ ရထားလမ်းပါ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။
အဲဒီမြစ်ကူးတံတားဟာ စစ်ရေးအတွက် အဓိကအရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“တံတားပေါ် တည့်တည့်ကျသွားတော့ ကားတစ်စီးစာလောက် အပေါက်ဖြစ်သွားတယ်။ သွားလာလို့ မရလောက်တော့ဘူး။ နောက်ပြီး တံတားအရှေ့ဘက်နဲ့အနောက်ဘက်က တံတားအဆင်းနားတွေမှာ ကွန်ကရစ်တွေ ပေါက်ထွက်ပြီး အထဲက သံချောင်းတွေကွေးကုန်တယ်။ ဒီနေ့(စက်တင်ဘာ ၆ရက်) ကတော့ လေကြောင်းကနေ အကြိမ် နှစ်ဆယ်လောက် ပစ်ခတ်တာရှိတယ်”
အရေးပေါ်စစ်ရေးအခြေအနေကြောင့် အဲဒီစင်ခန်းတံတားကို ဇွန်လအစောပိုင်းကတည်းက ဒေသခံတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားတာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာ အရပ်သား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း စင်ခန်းတံတားအောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောနှစ်စင်း လက်နက်ချခဲ့တယ်လို့ KIA ဘက်က ပြောထားပါတယ်။
အဲဒီစစ်သင်္ဘောတွေပေါ်မှာ စစ်သားတွေအပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်ပြီး စုစုပေါင်း လူ ၁၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“စစ်သုံ့ပန်း ၁၅၀ ကျော်အထဲမှာ အရပ်သားတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂရုတစိုက်စစ်ဆေးနေပါတယ်။ စင်ခန်းတံတား ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ ကျွန်တော်တို့ဆီကို ဘာမှ သတင်းတက်မလာသေးပါဘူး။ စစ်သင်္ဘောတွေ တပ်တက်လာတာလည်း ကြားပါတယ်”
ဒါ့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောအစင်း နှစ်ဆယ်ကျော်ပါဝင်တဲ့ စစ်ရေယာဉ်တန်းတစ်ခုဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်စစ်ကူသွားနိုင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်တက်လာတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ရေယာဉ်တွေပေါ်မှာ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တင်ဆောင်လာတာဖြစ်ပြီး စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်အတွင်း ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
