မြင်းခြံခရိုင်မှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံး

ကျောင်းဆင်းခါနီးအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဟုဆို။

မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေထဲကို စစ်တပ်က စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်း (ခမရ-၁၅) ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး ဒါးကျွန်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် KG တန်းက အသက် ခြောက်နှစ်အရွယ် မောင်ဖြိုးပြည့်စုံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒုတိယတန်းက အသက် ရှစ်နှစ်အရွယ် မောင်ဟိန်းထက်နိုင်နဲ့ အသက် ၁၄ နှစ်အရွယ် မအိခိုင်သင်းတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းဆင်းခါနီးအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ဘကကျောင်းကို စစ်တပ်က လက်နက်ကြီးနှစ်လုံး ပစ်တယ်။ ကျောင်းဆင်းခါနီး ကလေးတွေ အမှိုက်ကောက်နေချိန် လက်နက်ကြီးကျတော့ KG တန်းက ကလေးလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာပြင်းတဲ့ ကလေးမက အခုမနက် ၅ နာရီမှာ မန္တလေးဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်ဗျ”

အဲဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၇၀၀ လောက် ပညာသင်ကြားနေတယ်လို့လည်း သူက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း နွားထိုးကြီးမြို့နယ် မာန်လည်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၀ကျော် အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့ပြီး အသက် ၂ဝကနေ ၆ဝ ကြား အရပ်သား ၅ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

မြင်းခြံမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို ခမရ-၁၅ ကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေသလို နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေကိုလည်း လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ မြင်းခြံမြို့နယ် ပျိုးကန်ရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေကလည်း မြင်းခြံမြို့နယ် ပျိုးကန်ရွာထဲကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ကျော် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းဖြစ်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian ကလည်း စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားထားလာပြီး အရပ်သားတွေက အဓိကထိခိုက်ခံနေရသူတွေ ဖြစ်သလို စာသင်ကျောင်းနဲ့ ဆေးရုံတွေပါ မကြာခဏ ထိမှန်နေတယ်လို့ အဲဒီအစည်းအဝေးမှာပဲ ပြောခဲ့ပါတယ်။