စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို စစ်တပ်က အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူ လေးဦးအပါအဝင် အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက RFA ကို ပြောပါတယ်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာက ဒေသခံတွေ နေထိုင်နေတဲ့ ရွာထဲကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံ ကိုဇင်မင်းသန်းက RFA ကို ပြောပါတယ်။
“နေ့လယ် ၂ နာရီခွဲလောက်မှာ မုံရွာနမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ ဂျိုင်ရိုကော်ပတာ တစ်စီးနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဗျ။ ဒေသခံ အမျိုးသမီး ခြောက်ဦး သေတယ်။ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရတယ်။ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်ဗျ။”
ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး လေးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တဲ့ နှစ်ဦးက ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ ဆက်ပြောပါတယ်။
သေဆုံးသူတွေက ကွမ်းခြံကျေးရွာက အသက် ၁၃ နှစ်အရွယ် တစ်ဦး၊ ၁၅ နှစ်အရွယ် တစ်ဦး၊ ၁၇ နှစ် အရွယ် နှစ်ဦး၊ ၂၂ နှစ်အရွယ် တစ်ဦးနဲ့ ၄၁ နှစ်အရွယ် တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ဝက်လက်နဲ့ ဘုတလင်မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ခြောက်ဦး သေဆုံးပြီး အနည်းဆုံး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူ ကိုးဦးအပါအဝင် အမျိုးသမီး ၃၁ ဦးနဲ့ အမျိုးသား ၃၄ ဦး၊ စုစုပေါင်း ၆၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၀ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ၁၉ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၄ ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ သတင်းရရှိထားပေမဲ့ အမည်နဲ့ အချက်အလက်တွေကို အတည်မပြုနိုင်သေးတဲ့ အရပ်သား ၄၂ ဦး ရှိနေသေးတယ်လို့လည်း AAPP က ဖော်ပြထားပါတယ်။
