စစ်တပ်ကို ထိရောက်စွာ အရေးယူပေးဖို့ ကုလမှာ မြန်မာသံအမတ်ကြီး တောင်းဆို

မြန်မာပြည်သူတွေဟာ အခက်အခဲတွေကြားကနေ ကြံ့ကြံ့ခံ ရုန်းကန်နေကြပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို လိုအပ်နေဆဲဖြစ်ကြောင်းပြော။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရတာကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီးက အခုလို တောင်းဆိုခဲ့တာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့သူတွေရဲ့ အမည်နဲ့ အသက်တွေ ရေးထိုးထားတဲ့ ပုဝါတစ်ထည်ကို ကိုင်ပြရင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မျက်ရည်ကျခဲ့ပါတယ်။

အဲဒီပုဝါဟာ သာမန်အလှဆင်ပစ္စည်းတစ်ခု မဟုတ်ဘဲ လွတ်လပ်မှုအတွက် အသက်ဆုံးရှုံးခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အမည်တွေ ရေးထိုးထားတာဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။

စစ်တပ်ကို ထိရောက်စွာ အရေးယူပေးဖို့ ကုလမှာ မြန်မာသံအမတ်ကြီး တောင်းဆို (RFA Burmese)

ပုဝါပေါ်မှာ ရေးထိုးထားတဲ့ သေဆုံးသူတွေထဲမှာ အသက် အငယ်ဆုံးက နှစ်လသားအရွယ်ဖြစ်ပြီး အသက်အကြီးဆုံးက ၁၀၅ နှစ်အရွယ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

“ဒီနာမည်တွေကို ဖတ်မိတဲ့အခါ ကျွန်တော့်ရင်ထဲမှာ အလွန်ကြေကွဲရပါတယ်။ ဒီပဝါပေါ်မှာ နောက်ထပ်နာမည်တွေ ထပ်တိုးလာတာကို ကျွန်တော် မမြင်ချင်တော့ပါဘူး။ နောက်ထပ်သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဆုံးရှုံးလို့ မဖြစ်တော့ပါဘူး”

မြန်မာပြည်သူတွေဟာ အခက်အခဲတွေကြားကနေ ကြံ့ကြံ့ခံ ရုန်းကန်နေကြပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို လိုအပ်နေဆဲဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေကို နောက်ထပ် မျက်နှာလွှဲမထားကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အစီရင်ခံစာတွေမှာ ဖော်ပြနေတာထက် ပိုဆိုးနေပြီး စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာဟာ ပြည်သူတွေ ဒုက္ခခံစားနေရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သံအမတ်ကြီးက ဝေဖန်ခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ လေကြောင်း၊ လက်နက်ကြီး အသုံးပြုပစ်ခတ်တိုက်ခိုက်တာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အခုလို လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြောက်နိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေဟာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်တာမဟုတ်ဘဲ အာဏာဆက်လက်တည်မြဲရေးအတွက် ကြိုးပမ်းမှုတွေသာ ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံတချို့က တွေ့ဆုံဆက်ဆံနေတာဟာ စစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေနိုင်တယ်ဆိုတာကို သတိပေးခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို စစ်တပ်က လိုက်နာခြင်းမရှိသေးတာကိုလည်း ထောက်ပြခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်က သားဖြစ်သူနဲ့ မိနစ် ၂၀ ကြာ ဖုန်းပြောဆိုခွင့်ပေးခဲ့တာနဲ့ ပတ်သက်လို့လည်း ဖုန်းပြောဆိုခွင့်ရတာဟာ လွတ်လပ်မှုရရှိတာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ဖမ်းဆီးထိန်းသိမ်းမထားသင့်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် စစ်တပ်ကို လေယာဉ်ဆီ၊ လက်နက်နဲ့ ငွေကြေးထောက်ပံ့တာတွေ ဖြတ်တောက်ဖို့၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေက တစ်ဆင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံ လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအခြေအနေတစ်ရပ်လုံးကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကတစ်ဆင့်လည်း ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရရှိလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ် (Julie Bishop)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ ကာရီ (Kelly Currie) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian) တို့ကလည်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ကြပါတယ်။