အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှ ၂၁ ပင်လုံ ကျင်းပဖို့ ဆွေးနွေး

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ပြီးမှသာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသင့်တယ်လို့ ဒီနေ့ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့က စတင်ပြီး နှစ်ရက်ကြာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ အစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကိစ္စ ဆွေးနွေးခဲ့တာလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် က ပြောပါတယ်။

"အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုသွားကြမလဲဆိုလို့ရှိရင် ALP ပဲဖြစ်စေ၊ RCSS ပဲဖြစ်စေ အဲဒီအဖွဲ့တွေပါ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ပဲနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် တတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုပင်လုံကို မသွားသင့်ဘူးလို့ သဘောထားရတယ်"

ဒီနေ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေကိုတော့ အစည်းအဝေး ဒုတိယနေ့ မနက်ဖြန်မှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ဟာ လက်ရှိအချိန်အထိ UNFC အဖွဲ့ဝင်တွေအဖြစ် ရှိနေသေးတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာ ဘယ်လိုပုံစံနဲ့ ပါဝင်မလဲဆိုတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ဒါ့အပြင် အပစ်ရပ်အဖွဲ့ နှစ်ဖွဲ့ ထပ်တိုးလာတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည်ရေးကော်မတီ JMC တို့မှာ အဲဒီအဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်လာမှာဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပရသေးတဲ့အတွက် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဆိုင်းငံ့ထားခဲ့ရတာဖြစ်ပြီး မွန်ပြည်သစ်ပါတီလည်း NCA မှာ လက်မှတ်ထိုးခဲ့တဲ့အတွက် မကြာခင် မွန်ပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိနေပါတယ်။