၂၁ ပင်လုံ တတိယအကြိမ်ကို ဇူလိုင် ၁၁ ရက်နေ့ ကျင်းပမည်

တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပဖို့ ဆုံးဖြတ် လိုက်ပါတယ်။

နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ကျင်းပတဲ့ UPDJC အတွင်းရေးမှူး အဖွဲ့အစည်းအဝေးအပြီးမှာ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပင်လုံညီလာခံ ကျင်းပမယ့်ရက်ကို ပြောပါတယ်။

အစည်းအဝေးကျင်းပမယ့်ရက် လေးရက် လျာထားပေမယ့် အစည်းအဝေးပေါ်မူတည်ပြီး ရက်တိုးနိုင်ခြေရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

"ဆုံးဖြတ်ချက်ပေါင်း ၁၅ ချက်ပေါ့၊ ၁၅ ချက်ကတော့ နံပါတ် ၁ ကတော့ လာမယ့် မနက်ဖြန် သန်ဘက်ခါ ၃ ရက်မှာ လုပ်မယ့် လုပ်ငန်းကော်မတီနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်နိုင်တယ်၊ ၂၁ ရာစုပင်လုံ ညီလာခံ တတိယအစည်းအဝေးနဲ့ ပတ်သက်တဲ့ဟာတွေ ကျနော်တို့ဆွေးနွေးနိုင်တယ်၊ ညီလာခံကျင်းပမယ့်ရက် ကိုလည်း ဇူလိုင်လ ၁၁ ရက်နေ့ကစပြီးကျင်းပဖို့ နောက်ညီလာခံကျင်းပမယ့် အခင်းအကျင်း အဲအပေါ်မှာလည်း အကုန်လုံးဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရတယ်"

ဒါ့အပြင် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေက အဖွဲ့ဝင် ၄၈ ဦးပါဝင်တဲ့ အစည်းအဝေးကို မနက်ဖြန် ကျင်းပမယ်လို့ သိရပါတယ်။

လာမယ့် တတိယ ပင်လုံအစည်းအဝေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍငါးရပ်ပါရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ အစုအဖွဲ့အလိုက်အစည်းအဝေးတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။

၂၁ ရာစု ပင်လုံအစည်းအဝေးတွေကို တစ်နှစ်အတွင်း နှစ်ကြိမ်ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါတယ်။