တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှု ပြဿနာအပေါ် အထူးစိုးရိမ်ကြောင်း အာဆီယံ ပြော


2014.05.12
asean-summit-305 နေပြည်တော်မှာ မေလ ၁ဝ နေ့က စတင်ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
Photo: Win Naung Toe, Myo Thant/RFA

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ တောင်တရုတ်ပင်လယ်ပြင်က အငြင်းပွားမှု အခြေအနေတွေ ဆိုးဝါးလာတဲ့အပေါ် အထူးစိုးရိမ်ပူပန်ကြောင်း အာဆီယံခေါင်းဆောင်တွေ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဒေသတွင်း အငြင်းပွားမှုတွေကို နိုင်ငံတကာ အသိအမှတ်ပြု စည်းမျဉ်းဥပဒေတွေနဲ့အညီ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူ လိုက်ကြတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ မေလ ၁၁ ရက်၊ မနေ့က ပြုလုပ်တဲ့  (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံခေါင်းဆောင်တွေ က အချက် ၂၈ ချက်ပါ ကြေညာစာတမ်းတစောင် ထုတ်ပြန်လိုက်တာပါ။

ဒီထိပ်သီး အစည်းအဝေးမှာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင် ငံတချို့အကြား အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှု ကိစ္စတွေကို အခုထက်ပိုပြီး ပါဝင်ဖြေရှင်းနိုင်ဖို့အတွက် အဖွဲ့ရဲ့မစွက်ဖက်ရေးမူကို ပြန်လည်သုံးသပ်သင့်ကြောင်း ဖိလစ်ပိုင် သမ္မတအကွီနိုက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မနေ့ကထုတ်ပြန်တဲ့ “နေပြည်တော် ကြေညာချက်” မှာတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး အတွက် အာဆီယံရဲ့လုပ်ဆောင်ချက်တွေကို တိုးမြှင့်ဖို့၊ တောင်တရုတ်ပင်လယ် သဘောတူညီချက်ဆိုင်ရာ ကြေညာ ချက်ကို အကောင်အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်မှုကိုတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့ပြင် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး “အရှေ့တောင်အာရှ-နျူကလီးယား ကင်းမဲ့ဇုန်” တည်ထောင်ရေးစာချုပ်ကို စောစောစီးစီး လက်မှတ်ထိုးနိုင်ဖို့၊ ဒေသတွင်း ဘုံအကျိုးစီးပွား တိုးမြှင့်ရေးအတွက် အာဆီယံရဲ့ နိုင်ငံတကာ စီးပွားရေးပေါင်းစည်းမှုကို အားဖြည့်ဖို့ စတဲ့အချက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂ ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။