စစ်ကိုင်း သာဇင်ရွာက အရပ်သား ၂၅ ဦးပြန်မလွတ်သေး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် သာဇင်၊ အိုင်းစမ္မ၊ အင်းစ ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ၃၀ ထဲက ငါးဦး ဇွန်လ ၁၆ ရက် ဒီနေ့မနက်မှာ ပြန်လည်လွတ်မြောက်လာပေမယ့် ကျန် ၂၅ ဦးကို ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သာဇင်ရွာနဲ့ လေးမိုင်လောက် ဝေးတဲ့ ပေါက်မရွာမှာ လက်ရှိတပ်စွဲထားပြီး ဒီမနက်မှာပဲ အိုင်းဓမ္မရွာက အရပ်သား လေးဦး၊ အင်းစရွာက အရပ်သားတစ်ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ သာဇင်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်မှာ ငါးယောက်ပြန်လွတ်လာတယ်။ ကျွန်တော်တို့ရွာက လူတွေတော့ တစ်ယောက်မှ မလွတ်သေးဘူး။ ပေါက်မရွာလည်း မီးရှို့ခံထားရတာရှိတယ်။ စစ်ကြောင်းက မပြန်မထွက်သေးတော့ အခြေအနေအသေးစိတ်ကို မသိရသေးဘူး”

ပြန်မလွတ်သေးတဲ့ သာဇင်ရွာက ဖမ်းဆီးခံထားရသူတွေဟာ အသက် ၃၀ ကနေ ၅၀ ကြား အရွယ်ရှိကြတဲ့ အမျိုးသားတွေလို့ သူက ဆိုပါတယ်။

အင်အား တစ်ရာလောက်ပါတဲ့ စစ်ကြောင်းဟာ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ သာဇင်၊ အိုင်းဓမ္မ၊ အင်းစ၊ ပေါက်မ စတဲ့ရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး သာဇင်ရွာက နေအိမ် ၇၀၀ နီးပါး၊ အိုင်းစမ္မရွာက နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့သလို အရပ်သားတွေကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူခေါ်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

သာဇင်ရွာမီးရှို့ခံရမှုမှာ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ တုံ့ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၅၃၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။