သင်ထောက်ကူဓာတ်သင်ပုန်း ကျောင်းတွေမှာ အခမဲ့ဖြန့်ဖို့စီစဉ်


2019.10.08
hlahlawin-360ed-622.jpg အမေရိကန်နိုင်ငံက The Schwab Foundation for Social Entrepreneurship ရဲ့ လူမှုစွန့်ဦးတီထွင်ဆုရခဲ့တဲ့ မလှလှဝင်း ကို ၂၀၁၉ အောက်တိုဘာ ၈ ရက်နေ့ကတွေ့ရစဉ်
Photo: Zarni Htun/RFA

မြန်မာနိုင်ငံမှာ ပညာရေးသင်ထောက်ကူပြု ဖုန်း Application တစ်ခုဖြစ်တဲ့ ဓာတ်သင်ပုန်းကို တီထွင်တဲ့ 360ed ကုမ္ပဏီက မလှလှဝင်းကို အမေရိကန်နိုင်ငံ The Schwab Foundation for Social Entrepreneurship က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ လူမှုစွန့်ဦးတီထွင်ဆု ချီးမြင့်ခဲ့ပါတယ်။

အဲဒီလို နည်းပညာတွေကို တီထွင်ဖန်တီးနိုင်တာကြောင့် ဆုပေးတာထက် အဲဒီနည်းပညာနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်နိုင်တာကြောင့်လို့ သိရပါတယ်။

"သူတို့ ဘာကြောင့်ပေးလဲဆိုတော့ နည်းပညာအဆင့်မြင့်တာဆိုရင် ဂူလ်ဂယ်ကို ပေးမှာပေါ့။ သူတို့က ဘာကို ကြည့်တာလဲဆိုရင် ဒီနည်းပညာနဲ့ လူသားအကျိုးပြုတာကို ကြည့်တာ။ ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေ ထွင်ထားတဲ့ ပစ္စည်းလေးတွေက မြန်မာပြည်တင်မဟုတ်ဘူး၊ ကမ္ဘာမှာပါ အကျိုးရှိတာကိုတွေ့တော့ ဆုခေါ်ပေးတာ"

360ed ကုမ္ပဏီက တီထွင်လိုက်တဲ့ အဲဒီသင်ထောက်ကူပြု ဓာတ်သင်ပုန်း Application ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒ စတဲ့ သိပ္ပံဘာသာရပ်တွေ အပါအဝင် အင်္ဂလိပ်စာတွေကိုပါ ကလေးတွေ၊ ကျောင်းသားတွေ သင်ကြားမှုအတွက် အထောက်ကူပြုအောင် ထုတ်လုပ်ထား တာဖြစ်ပါတယ်။

အဲဒီ Application ကို စာသားတွေ၊ အရုပ်တွေ၊ အသံထွက်တွေပါ သဘာဝနဲ့ အနီးစပ်ဆုံးတူတဲ့ ပုံရိပ်ရောင်နည်းပညာ တီတွင်ထားတာဖြစ်ပါတယ်။

"ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ပေါင်းလိုက်တဲ့အခါ H2O ဓာတ်ပေါင်းထွက်လာတယ်။ ဒါတွေက မြန်မာမှာတောင် မကဘူး။ ကမ္ဘာမှာပါမရှိသေးလို့ ဆုခေါ်ပေးတာ"

သတင်းထောက်တွေကို ပြောပြတဲ့အထဲမှာတော့ အခုချိန်မှာ 360ed ကုမ္ပဏီကနေ ဓာတ်သင်ပုန်း Application ကိုးခု ထုတ်ထားပြီး အဲဒီထဲက အင်္ဂလိပ်-မြန်မာအသံထွက် Grade 1 အင်္ဂလိပ်ဘာသာ ကို ရန်ကုန်မြို့က ကျောင်းပေါင်း ၂၀ မှာ အခမဲ့ဖြန့်ဝေထားတယ်၊ အလယ်တန်းနဲ့ တက္ကသိုလ်ဝင်တန်း ဘာသာစုံတွေကိုတော့ ၁၄၅၀၀ နဲ့ ရောင်းတယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ Grade 1 ကနေ Grade 12 အထိ ဘာသာရပ်ပေါင်းစုံအတွက် Application တွေ ထုတ်သွားမှာဖြစ်ပေမဲ့ အခမဲ့ဖြန့်ဝေနိုင်ဖို့အတွက်တော့ ပူးပေါင်းပါဝင်ပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။

"ကျနော်တို့ စီစဉ်ထားတာတွေ Grade တွေအလိုက် လုပ်သွားဖို့ စီစဉ်ထားတာရှိတယ်။ အဲဒီလိုလုပ်ဖို့လည်း ပါတနာတွေ ရှာနေတာရှိတယ်။ Free ဆက်ပြီး ပေးသွားလို့ရအောင်ပေါ့"

The Schwab Foundation ဟာ ဖန်တီးမှုစွမ်းရည်မြင့်တဲ့၊ အဆင့်အတန်း ခွဲခြားမှုမရှိတဲ့၊ မေတ္တာရှေ့ထားတဲ့၊ စွန့်ဦးတီထွင်စွမ်းရှိတဲ့ စီးပွားရေး၊ လူသားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်တွေကိုမြင့်မားအောင် လုပ်ဆောင်နေတဲ့ စွန့်ဦးတီထွင်သူတွေကို ဆုပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။


(RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြသည်။)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။