မွန်ပြည်နယ်က လူဦးရေစာရင်းကောက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လေးဦး အသတ်ခံရ

RFA Burmese
2023.01.14
မွန်ပြည်နယ်က လူဦးရေစာရင်းကောက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လေးဦး အသတ်ခံရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင်လူလေးဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်၊ တောင်စွန်းရွာမှာ အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနဲ့ ရုံးစာရေးမတစ်ဦးကို ဇန်နဝါရီလ ၁၃ ရက် ညနေ လေးနာရီမှာ ပစ်သတ် ခံလိုက်ရပါတယ်။ တောင်စွန်းရွာလမ်းမပေါ်မှာပဲ ပစ်သတ်ခံလိုက်ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီပစ်ခတ်မှုကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပါဝင်တဲ့ ဘယ်သူ့ကိုမဆို ပစ်ခတ်ရှင်းလင်းမယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။

“ကျနော်တို့ သေသေချာချာစောင့်ကြည့်ခဲ့သလို သူတို့နှစ်ဦးဟာ မဲစာရင်း ကောက်နေတယ်ဆိုတာ အတွင်းက သတင်းပေးတာကြောင့် စံပြအနေနဲ့လုပ်ပြတာပါ”

အလားတူ ကျိုက်ထိုမြို့နယ်၊ ကင်မွန်ချောင်းရွာက ဆယ်အိမ်မှူး ဦးပေါ်ထွန်းနဲ့ ကိုဇော်မိုးတို့နှစ်ဦးလည်း ဇန်နဝါရီလ ၁၃ရက် ည ၈ နာရီမှာ ပစ်သတ်ခံလိုက်ရပါတယ်။ သူတို့ကို ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထားသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီက သူတို့ရဲ့လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒီနှစ် သြဂုတ်လ အတွင်းမှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံတာ တွေကို ဇန်နဝါရီလ ၉ ရက်က စလို့ လုပ်ဆောင်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။