စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကောင်စီတပ်စစ်ကြောင်း မေလ ၆ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်ငါးရာကျော် ပျက်စီးပြီး ရွာခံအမျိုးသား တစ်ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အသက် ၄၀ ဝန်းကျင် ကိုအောင်စိုး မီးထဲပါသေဆုံးခဲ့ပြီး အရင်က အိမ်ခြေ ခြောက်ရာဝန်းကျင်ရှိတဲ့ လက်ထုတ္တောရွာမှာ အိမ်ခြေ ၈၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
လက်ထုတ္တောရွာနဲ့ တစ်မိုင်ဝန်းကျင်လောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ် ပြီးနောက် မနေ့မနက် ၈ နာရီဝန်းကျင်မှာ ရွာကိုဝိုင်းပြီးမီးရှို့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်မိုင်မရှိတရှိလောက်မှာ အပြန်အလှန်ပစ်ကြရင်းနဲ့ ရွာကိုဝင်ပြီးရှို့တာ။ ကျွန်တော် တို့လို ရွာကြီး အကြီးကြီးတောင် ပတ်ပတ်လည် အကုန်ပတ်ဝိုင်းလိုက်တာလေ။ အဲလိုဝိုင်းပြီး ရှို့တာ”
စစ်ကောင်စီတပ်သားတွေဟာ ရွာကိုဝိုင်းချိန် ပိတ်မိနေတဲ့ဒေသခံတွေကို ရိုက်နှက်ပြီး ဖုန်းနဲ့ပစ္စည်းတွေပါယူသွားတယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
အဲဒီစစ်ကြောင်းဟာ ရွာထဲကအိမ်တွေကို မီးရှို့ပြီးနောက် မနေ့က နေ့လယ် ၂ နာရီ ဝန်းကျင်မှာတော့ ရွာထဲကနေ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ထုတ္တောရွာ ဒေသခံတွေရဲ့နေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့ရဲ့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။