ဝက်လက်မှာ နေအိမ် ၇၀ ခန့် မီးရှို့ခံရပြီး တစ်ဦးအသတ်ခံရ
2023.06.03

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နပဲပင်လှရွာကို ဇွန်လ ၃ ရက်ဒီနေ့နေ့လယ် နှစ်နာရီ ဝန်းကျင်မှာ အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ တာကြောင့် နေအိမ် ၇၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး တစ်ဦးအသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် ကိုလှစိုးအောင် ခေါင်းဖြတ်အသတ်ခံရခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အသတ်ခံရသူရဲ့ခန္ဓာကိုယ်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ပြီး ဦးခေါင်းကိုတော့ ရှာမတွေ့သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူကလုပ်ငန်းလုပ်သွားတာ ရွာပြန်ရောက်တာ နှစ်ပတ်ကျော်လောက်ပဲရှိသေးတယ် အဲဒီကလေးက။ ခေါင်းဖြတ်ပြီးတော့ ခန္ဓာကိုယ်တော့ မီးရှို့ထားခဲ့တယ်။ ခေါင်းကတော့ ခုထိမတွေ့သေးဘူး”
အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ နပဲပင်လှရွာက ဒေသခံ တစ်ထောင်ဝန်းကျင်ကတော့ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဖြေဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။