ချောက်မှာ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် လူရှစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2025.01.16
ချောက်မှာ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် လူရှစ်ထောင်ခန့် ထွက်ပြေးနေရ မကွေးတိုင်း၊ ချောက်မြို့နယ်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။
Facebook/ ချောက် မေတ္တာ စေတနာ ကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်က ရွာတချို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကြောင်းထိုးစီးနင်းချိန် ဒေသခံတချို့ သတ်ဖြတ်ခံရတာတွေ ရှိနေတာကြောင့် လူရှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောက်မြို့နယ်၊ ကုန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား တစ်ရာဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးချိန် ထိန်စမ်းရွာအနီးမှာ Chauk Revolution Army (CRA) ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အဲဒီနောက် ထိန်စမ်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရပြီး နောက်ထပ် အမျိုးသားနှစ်ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကြောင်းဝင်လာပြီး တွေ့တဲ့သူကို ဖမ်းဆီးသတ်ဖြတ်သွားတာဗျ။ ထိန်စမ်းနဲ့ဆို ငါးရွာလောက်ရှိသေးတယ်။ အခုက အကုန်ပြေးနေရတယ်လေ"

လက်ရှိမှာ ထိန်စမ်း၊ ကံသစ်ကုန်းရွာ၊ ကတိုင် (မြောက်) ရွာ၊ ကတိုင် (တောင်) ရွာ၊ နရွဲတောရွာနဲ့ ရွာမရွာက ဒေသခံ ရှစ်ထောင်ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ မိသားစုနဲ့ အဆက်အသွယ် မရသေးဘဲ ချောက်မြို့အခြေစိုက် ခလရ (၁၃) တပ်ရင်းထဲကို ခေါ်ဆောင်သွားခံရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ချောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းချိန် နရွဲတော (တောင်) ရွာက နေအိမ် ၃၃ လုံးနဲ့ ရွာမရွာက နေအိမ် ၂၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။