တပ်ဖွဲ့ဝင် သုံးဦးကို AA ဖမ်းသွားတယ်လို့ ALP စွပ်စွဲ


2020.06.03

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက သူတို့ အဖွဲ့ဝင် တချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး သတ်ဖြတ်နေတယ်လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်မှာနေထိုင်တဲ့ ခိုင်ဝင်းလှိုင်ကို AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

“ကျွန်တော်တို့ ဖမ်းသွားတဲ့ဟာကတော့ AA အဖွဲ့ကလို့ တစ်ထစ်ချပြောနိုင်တယ်။ သူ့ကို မဖမ်းခင် သုံးရက်လောက်က ခြိမ်းခြောက်မှုတစ်ခု AA က လုပ်ခဲ့တယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။ ကျွန်တော်တို့လေ့လာကြည့်တော့ AA ကဖမ်းသွားတယ်လို့ သိရတယ်။ ဖမ်းသွားပြီးနောက်ပိုင်းမှာ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ဆိုပြီး သူတို့က ခေါင်းရောင်း၊ ခေါင်းဝယ်နဲ့ သတ်ပစ်လိုက်ပြီလို့ ထုတ်ပြန်ချက်စာတမ်း ထွက်ပေါ်လာတာ တွေ့ရတယ်”


ပေါက်တော့မြို့နယ် ဗရက်ချိုင်ကျေးရွာက ရဲဘော်ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကို မေလ ၂၃ ရက်နေ့က AA အဖွဲ့ဝင် ၁၅ ဦးလောက်က လာရောက်ဖမ်းဆီးသွားတာကြောင့် AA အဖွဲ့ရဲ့ သက်ဆိုင်ရာ ကြားခံတာဝန်ရှိသူတွေက တဆင့် အကြိမ်ကြိမ် ဆက်သွယ်ညှိနှိုင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုရခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ ရက်စွဲနဲ့ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အများအကျိုးကို နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ခိုင်ဝင်းလှိုင်ကို အဲဒီ နေ့ညနေပိုင်း ခေါင်းရောင်း၊ ခေါင်းဝယ်စနစ်နဲ့ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီ အဖွဲ့အစည်းနဲ့ AA တို့ ဘယ်လို ပတ်သက်နေလဲဆိုတာ အဖြေရှာနေဆဲဖြစ်ပြီး ခိုင်ဝင်းလှိုင်ကို သတ်လိုက်တာဟာ ဘယ်သူ့လက်ချက်လဲဆိုတာ လေ့လာနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တွေ သတ်ဖြတ်ခံရတာဟာ AA အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိအကြောင်း ငြင်းဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက AA အဖွဲ့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာရှိတဲ့ ALP ရဲ့ တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

AA အဖွဲ့နဲ့ ALP ကြား ပြဿနာဟာ အခုမှစတဲ့ ပြဿနာမဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား သဘောထားမတူ ကွဲပြားလာတဲ့အခါ တစ်ချို့ပြဿနာတွေမှာ အင်အားသုံး ဖြေရှင်းတာတွေ တွေ့ရပြီး ပြည်တွင်းစစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ရတဲ့ ပြဿနာဖြစ်တာကြောင့် သိပ်ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ဘူးလို့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ လို့ အမည်ပေးထားတဲ့ အဖွဲ့က ဘယ်သူတွေနဲ့ ဆက်နွယ်သလည်း ဆိုတာ ခန့်မှန်းဖို့ မလွယ်ဘူးလို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ နာမည်ကျော် မြောက်ဦးစစ်တမ်း စာအုပ်ကိုလည်း ရေးသားပြုစုထားတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

“သူတို့သည် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး၊ သူတို့ဘာသာသူတို့ ဆုံးဖြတ်စီရင်မယ် ဆိုတဲ့ဟာ တွေ့ရတယ်။ တဖက်မှာလည်း AA က မြို့ပေါ်ကို ထိုးဖောက်တဲ့ ပုံစံက ULA နာမည်နဲ့ ထိုးဖောက်တာ ရှိတယ်၊ Arakan People Authority ဆိုပြီး ထိုးဖောက်တာရှိတယ်။ AA ထိုးဖောက်တဲ့ ပုံစံမျိုး မဟုတ်တာတော့ တွေ့ရတယ်။ AA အဖွဲ့နဲ့ ပတ်သက်တယ်၊ မပတ်သက်ဘူးဆိုတာ ကျွန်တော်တို့မှာ အထောက်အထား မရှိတော့ ပြောဖို့ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ခြုံကြည့်လိုက်ရင်တော့ ဒီလိုပြဿနာတွေ ဖြစ်လာတာဟာ ရခိုင်ပြည်မှာ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြားက ထွက်လာတဲ့ ပြဿနာတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။”


ALP ကို ၁၉၆၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ AA အဖွဲ့ကတော့ ၂၀၀၈ ခုနှစ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး  ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်မှာ ရခိုင်ပြည်နယ်အတွင်း  အစိုးရတပ်မတော်နဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။