အမေရိကန်နဲ့တရုတ်သမ္မတတွေ့ဆုံစဥ် ဦးမင်းဇင် လွှတ်ပေးရေးဆွေးနွေးခဲ့ဟု သမ္မတထရန့်ပြော

အလွန်အရေးကြီးပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထရန့်ပြောကြား။

အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပြီးခဲ့တဲ့ အပတ်က အိမ်ဖြူတော်မှာ နှစ်ဦးထဲ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ်အစိုးရက ဖမ်းဆီးထားပြီး မတရားဖမ်းဆီးထားသူ အဖြစ် ကြေညာထားတဲ့ မြန်မာသုတေသနပညာရှင် ဦးမင်းဇင်နဲ့ ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်နဲ့ ဂျော်ဒါနို (Giordano) အထည်လုပ်ငန်းပိုင်ရှင် ဂျင်မီလိုင်း (Jimmy Lai) တို့ လွှတ်မြောက်ရေး ဆွေးနွေးခဲ့တယ်လို့ သမ္မတ ‌ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဥ် သတင်းထောက်တွေ က မတရားထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား များ လွတ်မြောက်ရေး ဆွေးနွေးဖြစ်သလားလို့ မေးရာမှာ မစ္စတာထရန့်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

“ဒီကိစ္စကို သမ္မတရှီနဲ့ ပြောဖြစ်ပါတယ်။ အလွန့်အလွန်အရေးကြီးတဲ့ ဆွေးနွေးမှုလို့ ကျွန်တော်ထင်ပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။”

အမေရိကန်သမ္မတအိမ်ဖြူတော်အနေနဲ့ ဒီတွေ့ဆုံပွဲမှာ တရုတ်ကွန်မြူနစ်အစိုးရက မတရားဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားတွေအရေး ဆွေးနွေးမယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အခုမှ သမ္မတထရန့်က အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အများတောင်းဆိုထားတဲ့ အချက်တွေထဲက တိဘက်နဲ့ ဝှီဂါ ဒေသတွေက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့တော့ သီးခြား ပြောဆိုခြင်း ရှိမရှိ အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဥ် အမည်တပ် လွှတ်ပေးရေး ဆွေနွေးခဲ့သည့် တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာ့အရေး သုတေသီ ဦးမင်းဇင် နှင့်  ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်နဲ့ ဂျော်ဒါနို (Giordano) အထည်လုပ်ငန်းပိုင်ရှင် ဂျင်မီလိုင်း (Jimmy Lai) တို့အား တွေ့ရစဥ်။
Trump and Xi discussed about Min Zin and other detained in China during the trip အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဥ် အမည်တပ် လွှတ်ပေးရေး ဆွေနွေးခဲ့သည့် တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာ့အရေး သုတေသီ ဦးမင်းဇင် နှင့် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်နဲ့ ဂျော်ဒါနို (Giordano) အထည်လုပ်ငန်းပိုင်ရှင် ဂျင်မီလိုင်း (Jimmy Lai) တို့အား တွေ့ရစဥ်။ (Min Zin Facebook/Nancy Pelosi‘s X)

သမ္မတထရန့်ရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ဦးမင်းဇင်ရဲ့ မိသားစုကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

ဒီခရီးစဥ်မစတင်မီရက်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရုတ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အမေရိကန် နိုင်ငံသားတွေ ဖြစ်တဲ့ မြေငလျင်ဆိုင်ရာ သုတေသန ပညာရှင် ဒေါက်တာ ယိုလင်ချန်း (Youlin Chen) နဲ့ မြန်မာ့အရေး သုတေသီ ဦးမင်းဇင် တို့ကို မတရားဖမ်းဆီးထိန်း သိမ်းခံနေရသူ များ အဖြစ် သတ်မှတ်ထားကြောင်း၊ အခုတစ်ပတ် သမ္မတ ဒေါနယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ သမ္မတထရန့် အနေနဲ့ ဒီနှစ်ဦးရဲ့ အမှုကို ထည့်သွင်းပြောကြားလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က စက်တင်ဘာ ၂၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရအပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၁ ရက်နေ့မှာ “မတရားဖမ်းဆီး ထားခံရသူ”အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတ်မှတ်ခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံရင် ဦးမင်းဇင် လွတ်မြောက်ရေးကို ကြိုးပမ်းပေးဖို့ စက်တင်ဘာ ၁၆ ရက်နေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဇနီးဖြစ်သူ ‌ဒေါ်ဆယ်ဗီယာဇင်က တောင်းဆိုခဲ့ပါတယ်။

ဒေါက်တာယိုလင်းချန်းနဲ့ ဦးမင်းဇင်တို့ကို မတရားဖမ်းဆီးထားတာကို အမေရိကန်လွှတ်တော်က နှစ်ပါတီ ပေါင်းပြီး ပြန်လွှတ်ပေးရေး ဆုံးဖြတ်ချက်ချတောင်းဆိုထားတာကို တရုတ်အစိုးရအနေနဲ့ သတိထားမိပြီး အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်လို့ ဒေါက်တာယိုလင်ချန်းနေထိုင်ရာ မန်ဆာချူးဆက် ပြည်ဆိုင်ရာ အထက်လွှတ်တော်အမတ် အက်ဒါ မာကီ (Ed Markey) က မကြာခင်က ပြောကြားထားပါတယ်။

ဒေါက်တာယိုလင်ချန်းဟာ ၂၀၂၄ အောက်တိုဘာက မိဘဆွေမျိုးတွေနေထိုင်ရာ တရုတ်နိုင်ငံကို အလည်ပတ်သွားအပြီး အိမ်အပြန် ပေကျင်းလေဆိပ်မှာ အဖမ်းခံရတာဖြစ်ပြီး သူလျှိုအမှုနဲ့ တရုတ်အစိုးရက ဖမ်းဆီး စွပ်စွဲထားပါတယ်။