ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုတောင်ကြော စိမ်းညှင်းပြာ၊ ဂူတာပြင်၊ အာကာပျံရွာတွေနားမှာ ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ARSA အဖွဲ့က လေးဦးသေဆုံးပြီး AA ဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ သေဆုံးဒဏ်ရာရမှုစာရင်းနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
“တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းက ဘဂုံးနားရွာက AA တပ်ဖွဲ့ဝင် မွတ်စလင်တစ်ဦးကို ARSA က သတ်ပစ်လိုက်တာရှိတယ်။ အဲဒါကို AA က ARSA အဖွဲ့ကို လာဖြေရှင်း ခိုင်းတယ်။ ဒါပေမဲ့ ARSA အဖွဲ့က လာဖြေရှင်းတာ မရှိဘူးပေါ့။ ဒါကြောင့် AA က သူတို့စခန်းကို ဝင်တိုက်တာပေါ့။ ပထမဆုံး အာကာပျံဒိုင်းနက် ရွာနားက ARSA ကင်းစခန်းကို ဝင်တိုက်တယ်။ အဲဒီစခန်းမှာရှိတဲ့ လေးယောက်လုံး သေတယ်။ AA က တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်။ ပြီးတော့ အထဲက စခန်းကိုလည်း ဝင်တိုက်တာကြားရတယ်။ အထဲက သတင်းတွေကိုတော့ အတိအကျ မသိရသေးဘူး”
ဒီသေဆုံး ဒဏ်ရာရစာရင်းနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် (AA) ဟာ တပ်ရင်း တစ်ရင်းသုံးပြီး ARSA အဖွဲ့ကို မေယုတောင်ကြောတစ်လျှောက် လိုက်လံရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်း မပြန်သေးပါဘူး။
ARSA အဖွဲ့ကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ARSA အဖွဲ့ဟာ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်က မေယုတောင်တန်းတွေမှာ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့လည်း ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါတယ်။