အမ်းက စစ်ကောင်စီတပ်ရင်းတပ်ခွဲ ရှစ်ခု သိမ်းယူထားကြောင်း AA ကြေညာ

RFA Burmese
2024.11.13
အမ်းက စစ်ကောင်စီတပ်ရင်းတပ်ခွဲ ရှစ်ခု သိမ်းယူထားကြောင်း AA ကြေညာ အာရက္ခတပ်တော် (AA) မှ အမ်းမြို့ရှိ သိမ်းယူထားတဲ့ တပ်စခန်းတွေ့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာရှိတဲ့ တပ်ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို သိမ်းယူထားကြောင်း ရခိုင်နဲ့ ပလက်ဝဒေသ စစ်ဆင်ရေး (၁) နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ်-၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်တွေကို သိမ်းယူထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ခွဲ ဆယ်ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်ကြောင်းလည်း AA က ပြောထားပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲနဲ့ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

သိမ်းထားတဲ့စခန်းတွေက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲဝင်တွေကိုလည်း လိုက်လံချေမှုန်း တိုက်ခိုက်နေတာကြောင့် အမ်း၊ နပခဌာနချုပ် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်ရေး စတဲ့ ရည်မှန်းချက်တွေအတွက် စစ်ကောင်စီရဲ့လက်ကျန် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မောင်တောမြို့တစ်ခုလုံး သိမ်းယူနိုင်ဖို့အတွက် နယ်ခြားစောင့် အမှတ် (၅) (နခခ-၅) စခန်း တစ်ခုသာကျန်တော့တာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲနဲ့ ကျိန္တလီမြို့တွေက စစ်ကောင်စီစခန်းတွေကို စစ်ဆင်ရေးတစ်နှစ်မပြည်ခင်မှာ သိမ်းယူနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။