ဘူးသီးတောင် NLD ဥက္ကဋ္ဌကို AA ဖမ်းဆီးထား

0:00 / 0:00

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ရက္ခိုင့်တပ်တော် AA က သူတို့ ထိန်းသိမ်းထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး မိသားစုနဲ့ NLD ပါတီကတော့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို စစ်ဆေး စရာတွေရှိနေလို့ ခေါ်ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီကနေ့ ပြော ပါတယ်။

ဦးရဲသိန်းပျောက််ဆုံးပြီးနောက် တစ်ရက်ကျော်အကြာမှာ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက သူတို့ ဖမ်းထားတာဖြစ်ကြောင်း အခုလိုအတည်ပြုခဲ့တာပါ။

"ဘူးသီးတောင် NLD ဥက္ကဋ္ဌကိုတော့ ကျွန်တော်တို့ဘက်က စစ်ဆေးစရာ ကိစ္စတွေရှိလို့ ကျွန်တော်တို့ ခေါ်ထားတယ်ဗျ"

ဘာကြောင့်ခေါ်ထားတယ် ၊ ဘာတွေ စစ်ဆေးနေတယ်၊ ဘယ်တော့ ပြန်လွှတ်ပေးမယ် ဆိုတာတွေကိုတော့ အသေးစိတ် ပြောဆိုတာမရှိပါဘူး။

ဦးရဲသိန်းဟာ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ကြားနာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘူးသီးတောင် မြို့နယ်အတွင်း ထောက်ခံပွဲလုပ်ဖို့အတွက် ဦးဆောင်စီစဉ်နေချိန်မှာ ပျောက်ဆုံးသွားတာပါ။

ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ဘူးသီးတောင်မြို့မှာ ပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ဦးရဲသိန်းအခုလို ထိန်းသိမ်း ခံလိုက်ရတဲ့အတွက် ထောက်ခံပွဲ အစီအစဉ်လည်း ပျက်သွားတယ်လို့သိရပါတယ်။

ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်က ဖိတ်စာတွေနဲ့အတူ ပြင်ရှည်ကျေးရွာကို သွားခဲ့တာ ဖြစ်ပြီး အဲဒီနေ့ နေ့လယ် ၁ နာရီ လောက်မှာ ဦးရဲသိန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ကြတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေကတော့ စစ်ဆေးစရာတွေကို စစ်ဆေးပြီးရင် အမြန်ဆုံးပြန်လွှတ်ပေးစေ လိုကြောင်းပြောပါတယ်။

"ကျွန်တော်တို့က စုံစမ်းနေတုန်းပဲရှိသေးတယ်။ ရဲနယ်ထိန်းအဖွဲ့ကလည်း အပူတပြင်း လိုက်ရှာနေတယ်။ သတင်းအစအနတော့ မရသေးဘူး။ သူတို့ဘက်က တကယ်လို့ ထိန်းသိမ်းထားတယ်ဆိုရင် မေးစရာမြန်းစရာ ရှိတာကိုမေးမြန်းပြီး ပြန်လွှတ်ပေးစေချင်ပါတယ်"

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးကလည်း ဦးရဲသိန်းဟာ ပါတီရဲ့ ပုံမှန်လုပ်ငန်းတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နေသူ ဖြစ်တာကြောင့် ပြန်လွှတ်ပေးစေလိုတယ် လို့ပြောပါတယ်။

"ကျွန်တော်တို့ဘက်က ပြောရရင် ဒါလုပ်ရိုးလုပ်စဉ်၊ ကိုယ့်ပါတီရဲ့လုပ်ရိုးလုပ်စဉ်၊ ကိုယ့်ပါတီရဲ့ခေါင်းဆောင် ကိုယ့်နိုင်ရဲ့ခေါင်းဆောင် ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်တဲ့ ဒီမှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ကျွန်တော်တို့က အားဖြည့်ပြီးတော့ ထောက်ခံပေးတယ်။ ဒီအလုပ်အတွက် သူဟာကြိုးစားတာဖြစ်လို့ သူကဘာမှပြဿနာ မရှိဘူးပေါ့နော်။ ပြန်လွှတ်ပေးစေချင်ပါတယ်"

ရခိုင်ဒေသမှာ AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေဟာ အဆက်မပြတ်ဖြစ်နေပြီး အခုလို ဖမ်းဆီးစစ်ဆေးမှု တွေကိုလည်း နှစ်ဘက်စလုံးက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဦးရဲသိန်းကို AA အဖွဲ့က ထိန်းသိမ်းတဲ့ ကိစ္စအပေါ် အခုလိုဝေဖန်ပါတယ်။

"ပြည်သူတစ်ယောက်ဖြစ်တဲ့ ဥက္ကဋ္ဌကို ဖမ်းသွားတာကတော့ ဒါကတော့ မကောင်းတဲ့လုပ်ရပ်ပေါ့ဗျာ။ ဘာမှမဟုတ်ဘဲနဲ့ အရပ်သားကို ဖမ်းတာကတော့ သူတို့ခဏခဏပြောနေတဲ့ … ထားလိုက်ပါတော့ မပြောတော့ပါဘူးဗျာ။ အရပ်သားတွေကို ဖမ်းတာကတော့ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ် ဒါပါပဲ"

AA အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ သူတို့သံသယရှိတဲ့ သူတွေကို မကြာခဏဆိုသလို ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ချင်းပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အခုအချိန်တစ်လကျော် ကြာလာတဲ့အထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။