မြန်မာဘက်က မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ ကိုရေကြောင်းက မြန်မာနိုင်ငံက ပြန်လက်ခံဖို့ အသင့်ရှိနေပြီး မပို့ခင် ပြန်အပို့ခံရသူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ထည့်သွင်း စဥ်းစားရမှာ ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က (Mohamad Hasan) က သြဂုတ်လ ၁၀ ရက်နေ့က ပြောကြားပါတယ်။
ဒီလို လက်ခံမယ်ဆိုတာကို မကြာခင်က မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံစဥ်မှာ ဦးတင်မောင်ဆွေက ပြောတာလို့လည်း သူကဆိုပါတယ်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ တွေ့ဆုံစဥ်မှာ ရေကြောင်းကနေ သင်္ဘောနဲ့လက်ခံဖို့ အဆင်သင့်ဆိုတာကို သူတို့ဖက်က ပြောကြားထားပါတယ်။ ဒါပေမယ့် သူတို့ လုံခြုံရေးအတွက်ပဲ လောလောဆယ် စဥ်းစားဖို့ရှိပါတယ်။ ပြန်ပို့ရင် သူတို့လုံခြုံပါ့မလား။ ဘာတွေဖြစ်ကုန်မလဲ။ ဒါတွေကို ထည့်စဥ်းစားဖို့ လိုပါတယ်။”
သြဂုတ်လ ၅ ရက်နေ့ကလည်း ဒီရိုဟင်ဂျာတွေကို အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က ပြောကြားထားပါတယ်။
“မလေးရှားနိုင်ငံဟာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံပီပီ မြန်မာနိုင်ငံပြန်ရောက်ရင် အဖိနှိပ်ခံရမယ်၊ သူတို့အသက်အန္တရာယ် ခြိမ်းခြောက်မှု အန္တရာယ်ရှိမယ်ဆိုရင် ပြန်ပို့မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရက သူတို့အနေနဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်ပါပြီလို့ပြောတယ်။ ဒါပေမယ့် မလေးရှားအနေနဲ့ ပထမဆုံး ဘယ်လိုမူဘောင်နဲ့ ပြန်လက်ခံမယ် ဆိုတာကိို အရင် စစ်ဆေးပြီးမှာ ပြန်ပို့မပို့ဆိုတာ ဆက်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ”
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံအနေနဲ့ မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ခန့်ကို လက်ခံဖို့ သဘောတူထားတယ်လို့ ပြောကြားခဲ့အပြီး ဒီအစီအစဥ်ကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။
“မလေးရှားအနေနဲ့ ဒေသတွင်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးဆောင် တုံ့ပြန်ရမယ့် အစား မြန်မာစစ်တပ်က ပစ်မှတ်ထား ဖိနှိပ်ရက်စက်တာခံထားရတဲ့ လူတွေကို အတင်းအကြပ် ပြန်ပို့ဖို့ ကြိုးပမ်းနေတဲ့လုပ်ရပ်ဖြစ်နေပါတယ်၊”
ဇူလိုင် ၂၃ ရက်နေ့က မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက မလေးရှားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကို မြန်မာပြည်ပြန်ပို့ဖို့ စီစဥ်နေကြောင်း ပထမဆုံး တင်ပြခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်က သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီအရေးကိစ္စအကောင်အထည်ဖော်ဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာပါလို့သူက ပြောပါတယ်။
မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မလေးရှား UNHCR ရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆၀၀၀ ခန့်ကို ဒုက္ခသည်မှတ်ပုံတင်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
