အမ်းမြို့ အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်

RFA Burmese
2024.10.23
အမ်းမြို့ အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်အပြီး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Telegram/ AA Info Desk

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးက အမြောက်တပ်ရင်းကို အောက်တိုဘာလ ၂၃ ရက်နေ့ မနက်မှာ အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ကတော့ ပဲပဒုံဂိတ်နားမှာ တိုက်ပွဲဖြစ်တယ်။ အခု ဒီနေ့မနက်ကစလို့ အမ်းအမြောက်တပ်ကို AA က ဝင်တိုက်နေပြီ။ အဲဒီအမြောက်တပ်က နပခ ဌာနချုပ်နဲ့ ကပ်ရပ်ပဲ။ နပခရဲ့ အနောက်ဘက်ပေါ့။ AA နဲ့ ပူးပေါင်းတပ်တွေက အင်းအားအလုံးအရင်းနဲ့ တိုက်နေတယ်။ အခု စစ်ကောင်စီတပ်ကလည်း ဗုံးလာကြဲတယ်"

တိုက်ပွဲဟာ အမ်းမြို့နဲ့ တစ်မိုင်ခန့်သာ ဝေးတော့ပြီး အမြောက်တပ်ရင်းကို ထိုးစစ်ဆင်နေတာအပြင် အနောက်ပိုင်းတပ်စစ်ဌာနချုပ်ကို (နပခ) ကိုလည်း AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က အမ်းမြို့နယ်၊ လောင်းစပ်ရွာနဲ့ ငလက်ကျရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးက အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ လုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ မဲတောင်ဗျူဟာနဲ့ တောဟိန်းတောင်ဗျူဟာကို AA က သိမ်းပိုက်ထားပါတယ်။ အမ်းမြို့နယ်အပြင် ဂွမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ဆက်လက် တိုက်ပွဲပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။