အမ်းမြို့ ခမရ-၃၇၁ တပ်ရင်းနဲ့ တပ်ထိန်းတပ်ကို AA ဝင်ရောက်တိုက်ခိုက်နေ
2024.11.08
ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးက ခမရ (၃၇၁) တပ်ရင်းနဲ့ တပ်ထိန်းတပ်ထဲကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲနေတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြောပါတယ်။
ဒီတပ်ရင်းတွေကို ဝင်ရောက်တိုက်ခိုက်တာအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုလည်း AA က နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းကစလို့ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုတော့ ခမရ (၃၇၁) တပ်ရင်းနဲ့ တပ်ထိန်းတပ်ကို AA က ဝင်တိုက်နေတယ်။ ၆ ရက်နေ့ကတည်းက ဝင်တိုက်နေတာ။ ဒီနေ့တော့ တိုက်ပွဲတော်တော်ပြင်းတယ်။ လက်နက်ကြီးတွေနဲ့လည်း အပြန်အလှန် ပစ်တယ်။ စစ်တပ်ကလည်း ဂျက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်။ AA ကနေ မနေ့ကတည်းက အခုထိ နပခဌာနချုပ်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်"
အမ်းမြို့နယ်မှာ နပခဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်း တစ်ဆယ်ကျော်ရှိပြီး အဲဒီအထဲက ခမရ (၃၇၂)၊ ခမရ (၃၇၃)၊ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ၊ တပ်ဆေးရုံ စတဲ့နေရာတွေကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ပြီလို့ ဆိုပါတယ်။
အမ်းမြို့နယ်အပြင် တောင်ကုတ်နဲ့ ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း AA က ဒီရက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ AA တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတဲ့ အချိန်တစ်နှစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။