စစ်သင်္ဘောသုံးစင်းကို AA ပစ်ခတ်လို့ နစ်မြုပ်သွားကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

RFA Burmese
2024.02.08
စစ်သင်္ဘောသုံးစင်းကို AA ပစ်ခတ်လို့ နစ်မြုပ်သွားကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန် စစ်ကောင်စီရဲ့ စစ်ရေယာဉ်တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်ပြင်တွင် တွေ့ရစဉ်။
Myanmar Military

ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောသုံးစင်းကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်လို့ နစ်မြုပ်သွားတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ညမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဘယ်နေရာမှာ တိုက်ခိုက်နစ်မြုပ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောမထားပါဘူး။

စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ တိုက်ခိုက်ရေးယာဉ်တွေဖြစ်တဲ့ စစ်သင်္ဘောသုံးစင်းကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ခိုက်နစ်မြုပ်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချ အညံ့ခံဖို့ပြောပေမဲ့ လက်မခံတာကြောင့် စစ်သင်္ဘောပေါ်ကနေ ထွက်ပြေးတဲ့သူတွေကို ဆက်လက်ရှာဖွေတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ဟာ ရက္ခိုင့်တပ်တော်ရဲ့သမိုင်းဝင် ပင်လယ်ပြင်ထက်မှာ အောင်ပွဲရေးထိုးနိုင်ခဲ့တဲ့နေ့လို့လည်း ရေးသားထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့က စစ်ကောင်စီရဲ့ ရဲတပ်ရင်း ၃၁ ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေနဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို နှစ်ရှည်လများ ဒုက္ခပေးလာတဲ့ မြောက်ဦးမြို့က စစ်ကောင်စီရဲ့ တစ်ခုတည်းသော ကျန်ရှိနေတဲ့ “ရဲတပ်ရင်း (၃၁)” ကို ရက္ခိုင့်တပ်‌တော်က သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့အပြီးမှာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်သုံးခုမှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ တပ်ရင်း ဆယ်ရင်းကို သိမ်းဆည်းနိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဲတပ်ရင်းအသိမ်းခံရတာ၊ စစ်သင်္ဘောတွေ တိုက်ခိုက်ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။