စစ်သုံ့ပန်းနဲ့ မိသားစုဝင် နှစ်ရာနီးပါး AA ပြန်လွှတ်

RFA Burmese
2025.02.18
စစ်သုံ့ပန်းနဲ့ မိသားစုဝင် နှစ်ရာနီးပါး AA ပြန်လွှတ် ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့သည့် စစ်သုံ့ပန်း မိသားစုများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း AA မှ ပြန်လွှတ်ပေးစဉ်။
Arakan Princess Media Photo

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် (AA) က ဖမ်းမိထားတဲ့ စစ်သုံ့ပန်းနဲ့ စစ်သုံ့ပန်း မိသားစုဝင် စုစုပေါင်း ၁၉၈ ဦးကို ဒီရက်ပိုင်းမှာ လွှတ်ပေးလိုက်တယ်လို့ AA နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြောပါတယ်။

ပြန်လွှတ်ပေးသူတွေထဲမှာ အမျိုးသား ၅၁ ဦးနဲ့ အမျိုးသမီး ၁၄၇ ပါဝင်ပါတယ်။ အဲဒီအထဲ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒုတိယရဲမှူးကြီး တစ်ဦးလည်းပါဝင်ပြီး သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။

ပြန်လွှတ်ပေးသူအများစုက ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပြီး နောက်ထပ် စစ်သုံ့ပန်းမိသားစုဝင်တွေ ထပ်လွှတ်ပေးဖို့လည်း ရှိနေတယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခု လွှတ်ပေးလို့ရတဲ့ သုံ့ပန်းမိသားစုတွေ၊ အပြစ်မရှိတဲ့သူတွေကို ပြန်လွှတ်ပေးတာပေ့ါ။ ထပ်ပြီး လွှတ်ပေးဖို့ ရှိသေးတယ်။ အခုလွှတ်ပေးတဲ့သူတွေထဲမှာတော့ ရခိုင်ဒေသတွင်းက လူတွေများပါတယ်။ သူတို့ မိသားစုတွေဆီကို အပ်လိုက်တာပေါ့”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ဘယ်နေရာကနေ လွှတ်ပေးတယ်ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။

ဖေဖော်ဝါရီလ ပထမပတ်ကလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားတဲ့ အကျဉ်းသား ၂၆ ဦးကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင် တစ်ရာကျော် သေခဲ့ဆုံးပြီး ၁၂ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။