ဘင်္ဂလားဒေ့ရှ် ရေလုပ်သား နှစ်ဆယ်ကို AA ပြန်လွှဲပြောင်း

RFA Burmese
2024.11.08
ဘင်္ဂလားဒေ့ရှ် ရေလုပ်သား နှစ်ဆယ်ကို AA ပြန်လွှဲပြောင်း အာရက္ခတပ်တော် (AA) မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား နှစ်ဆယ်အား တွေ့ရစဉ်။
Dhaka Tribune

မြန်မာရေပြင်ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား နှစ်ဆယ်ကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ နိုဝင်ဘာလ ၇ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းက ဖော်ပြပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က လှေ ၁၅ စင်းနဲ့အတူ မြန်မာရေပြင်ပိုင်နက်ထဲမှာ ဖမ်းမိခဲ့တဲ့ အဲဒီရေလုပ်သားတွေကို သုံးရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် AA က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီရေလုပ်သားတွေကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြန်မာရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ AA ကဖမ်းဆီးခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်နဲ့ ဆက်သွယ်ညှိနှိုင်းပြီးနောက် ပြန်လွှတ်ပေးခဲ့တာလို့ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြန်မာရေပိုင်နက်ဖြစ်တဲ့ နတ်မြစ်အတွင်းရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကတော့ နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ငါးဖမ်းနေစဉ် ရေလမ်းကြောင်းပြောင်းပြီး မြန်မာဘက်ခြမ်းအရောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတစ်ဦး သေဆုံးသွားပါတယ်။

အခုလို သေဆုံးမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်ပြီး နောက်ထပ်မံမဖြစ်အောင် ရှောင်ရှားနိုင်မဲ့နည်းလမ်းတွေကို ချက်ချင်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။