အမ်းမြို့ အမှတ်-၇၅၇ အလုပ်ရုံတပ်ခွဲကို AA သိမ်းပိုက်

RFA Burmese
2024.11.06
အမ်းမြို့ အမှတ်-၇၅၇ အလုပ်ရုံတပ်ခွဲကို AA သိမ်းပိုက် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Twitter/ Nyotwanawng

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့က အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး ခမရ (၃၇၁) တပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်ရင်း (COD) တို့ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အမ်းမြို့နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတစ်ဆယ်ကျော်ရှိပြီး လက်ရှိမှာတော့ ထိုးစစ်ဆင်နေတဲ့ တပ်ရင်းနှစ်ခုနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

AA က သိမ်းပိုက်လိုက်တဲ့ အမှတ်-၇၅၇ အလုပ်ရုံတပ်ခွဲဟာ အောက်တိုဘာလ ၂၈ ရက်နေ့ကမှ လေကြောင်းကနေ ရာနဲ့ချီတဲ့ စစ်အင်အားတွေ အများအပြားချပေးခဲ့တဲ့နေရာဖြစ်ပြီး လက်ရှိမှာတော့ အမ်းမြို့ထဲကို ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အမ်းမှာဆိုရင် AA က ဝင်မရောက်သေးတာ နပခဌာနချုပ်တစ်ခုပဲ ရှိတော့တယ်။ ကျန်တဲ့ တပ်ရင်းတွေ အားလုံးနီးပါးကိုတော့ AA က သိမ်းလိုက်ပြီ။ အခု ခမရ (၃၇၁) တပ်ရင်းနဲ့ COD တပ်ရင်းကို ဝင်ပြီးတိုက်နေပြီ။ တိုက်ပွဲကတော့ အတော်လေးပြင်းနေတယ်။ စစ်သားတွေ ကြောက်လန့်ပြီးတော့ အမ်းမြို့ထဲကို ကစဉ့်ကလျား ထွက်ပြေးနေတာလည်းရှိတယ်"

AA က ဝင်ရောက်တိုက်ခိုက်နေတဲ့ ခမရ (၃၇၃) တပ်ရင်းနဲ့ COD တပ်ရင်းဟာ နပခဌာနချုပ်အနီးက တပ်ရင်းတွေဖြစ်ပြီး အဲဒီတပ်ရင်းတွေသာ ကျသွားရင် ဌာနချုပ်ထဲကို AA က ဝင်ရောက်နိုင်တော့မယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတာတွေရှိပေမဲ့ စစ်ကူလမ်းကြောင်းတွေ၊ ထောက်ပို့လမ်းကြောင်းတွေအားလုံးကို AA က ပိတ်ဆို့ထားတာကြောင့် ထွက်ပေါက်မရှိဘဲ ပိတ်မိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ်အပြင် တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။