ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အကြမ်းဖက်မှုတွေရပ်တန့်ဖို့ IIMM တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရဆဲ။

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian) က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ IIMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်ဟာ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြောက်ရက်ကြာ သွားခဲ့ပြီး အစိုးရတာဝန်ရှိသူတွေ၊ ကော့စ်ဘဇားဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လူပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို IIMM က စုံစမ်းစစ်ဆေးနေပြီး ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ထွက်ဆိုချက်တွေဟာ စုံစမ်းစစ်ဆေးမှုတွေအတွက် အရေးကြီးတယ်လို့ နီကိုလတ်စ် ခွန်ဂျန်က ပြောပါတယ်။

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးဟာ အရေးကြီးတယ်လို့ နီကိုလတ်စ် ခွန်ဂျန်က ပြောပါတယ်။

“ကျွန်တော်နဲ့ တွေ့ဆုံစကားပြောခဲ့သူတိုင်းက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကို အထူးစိုးရိမ်နေကြပါတယ်။ အရပ်သားတွေကို အကြမ်းဖက်နေမှု အဆုံးသတ်ရေးနဲ့ ဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေးဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှသာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်”

အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ရိုဟင်ဂျာ တစ်သိန်းခွဲကျော် (၁၅၄,၀၀၀) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကို ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ IIMM က ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁ ဒသမ ၂ သန်းကျော်ရှိလာပြီလို့ ဆိုပါတယ်။

ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်လည်းဖြစ် ရိုဟင်ဂျာအရေး လှုပ်ရှားသူလည်းဖြစ်တဲ့ ကိုအောင်မြိုင်ကတော့ ရခိုင်ပြည်နယ်မှာ နယ်မြေထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမှာ ဘယ်အဖွဲ့က တာဝန်ယူမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“လက်ရှိရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားသလို တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ အပြန်အလှန်တိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေက ရှိနေဆဲပါ။ နေရပ်ပြန်မဲ့ ရိုဟင်ဂျာတွေရဲ့ ရွာ၊ မြို့၊ ပိုင်ဆိုင်မှုတွေရှိတဲ့ နေရာဒေသကလည်း ULA/AA ထိန်းချုပ်မှုထဲရောက်သလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဖွဲ့ပြီး De facto စနစ်နဲ့ အုပ်ချုပ်ရေးစနစ်ကို လည်ပတ်နေတယ်။ ဒီလိုအခြေအနေမှာ နေရပ်ပြန်လက်ခံရေးအတွက် ဘယ်သူက၊ ဘယ်အဖွဲ့က တာဝန်ခံ၊ တာဝန်ယူမှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

IIMM အကြီးအကဲရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စဉ်းစားသုံးသပ်နေတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကနေ တားဆီးကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ မြန်မာနိုင်ငံက ပျက်ကွက်ခဲ့တာ ရှိ၊ မရှိကို ICJ က စစ်ဆေးနေပြီး လာမယ့်လတွေအတွင်း ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိတယ်လို့ IIMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။