စစ်ကိုင်းတိုင်း၊ ဝက်လက် နဲ့ ဘုတလင်မြို့နယ်တွေကို အောက်တိုဘာလ ၁၂ ရက်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ခြောက်ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA က ပြောပါတယ်။
ဝက်လက်မြို့နယ် မဲကုန်း၊ ရေထွက်၊ ဥယျာဉ်မနဲ့ ကျီးကန် (မြောက်) ရွာတွေကို အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ တံတားဦးလေတပ်စခန်းကနေ ပျံတက်လာတဲ့ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၂ ရက် မနက် ၃ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကတက်လာတဲ့ Y - 12 လေယာဉ်ဟာ ဝက်လက်မြို့နယ် မဲကုန်းရွာ ၊ရေထွက်ရွာ၊ ဥယျာဉ်မရွာ၊ ကျီးကန်(မြောက်)ရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်နာရီနီးပါးအတွင်း ၁၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၃၅လုံးလောက်ကြဲချခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကြဲသွားတဲ့နေရာက ပြည်သူတွေ နေထိုင်ရာ နေရာဖြစ်တယ်။ သေဆုံးတာ လေးဦး၊ ဒဏ်ရာ ရသူတွေကလည်း များတယ်။ ဒီအထဲမှာ ခြေ၊လက် ပြတ်တာတွေ နဲ့ ကလေးတွေလည်း ပါတယ်။ ဗုံးချတာက တကယ့် အိပ်မောကျနေတဲ့ အချိန်လေဗျာ။ ၃ နာရီထိုးဆိုတာက အိပ်ကောင်းနေတဲ့ အချိန်လေ”
ဒီတိုက်ခိုက်မှုကြောင့် မဲကုန်းရွာက အမျိုးသား လေးဦးသေဆုံးပြီး ရေထွက်၊ ဥယျာဉ်မ၊ ကျီးကန်(မြောက်) စတဲ့ရွာတွေက ဒေသခံ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက ခုနစ်ဦးက ဒဏ်ရာပြင်းထန်လို့ မန္တလေးမြို့ပေါ်မှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း ပြောပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။
အလားတူ ဘုတလင်မြို့နယ် နှုံးတန်းရွာကိုလည်း အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် နှုံးတန်းရွာ ချင်းတွင်းမြစ်ကူးဆိပ်ကမ်းက အသက် ၂၈ နှစ်အရွယ် မနှင်းနှင်းဥ နဲ့ အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်ထွန်းတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရတာလို့လည်း ပြောကြပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်က သတင်းထုတ်ပြန်တာမရှိသလို စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၆ ခုနှစ် မတ်လကုန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတယ်လို့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ နေရာဒေသဆိုင်ရာ အချက်အလက်တွေကို စုဆောင်းလေ့လာတဲ့ Armed Conflict Location & Event Data (ACLED) အဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ အစုလိုက်အသုံးပြုပြီး ပစ်မှတ်တစ်ခုတည်းကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာကို စစ်တပ်ကပိုအသုံးပြုလာတယ်လို့လည်း ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
