ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်ခြေရှိနေတဲ့အတွက် သတိထားစောင့်ကြည့်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက် ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် နယ်မြေစိုးမိုးရေးအတွက် စစ်ရေး လှုပ်ရှားတာ၊ တပ်အပြောင်းအရွှေ့တွေကို ဆက်တိုက်လုပ်ဆောင်နေတာအပြင် ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆန်၊ ဆီး၊ ဆား၊ ဆေးဝါးစတဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင် တာတွေကို ပိတ်ပင်တားမြစ်တာတွေဟာ နှစ်ဖက်တင်းမာမှုကို မြင့်တက်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း စစ်ကားသုံးစီးနဲ့အတူ စစ်သား ၅၀ ကျော် လောက်ဟာ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာက နေအိမ်တွေကို အချိန် သုံးနာရီကြာ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုပဲ ရခိုင်ပြည်နယ်မှာ နှစ်စဉ် စည်စည်ကားကားကျင်းပလေ့ရှိတဲ့ ဆံတော်ရှင်ဘုရားပွဲကျင်းပရာ ပေါက်တောမြို့နယ် စောမဲကျီကျေးရွာကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က စစ်တပ်နဲ့ ရဲအင်အား ၁၀၀ ကျော်ရောက်ရှိနေပြီး အဲဒီအနီးတဝိုက်မှာ ဒီနေ့အထိ နေရာယူထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
အခုလို စစ်ကောင်စီတပ်ဟာ ဘုရားပွဲသွားရာ လမ်းပြုပြင်ရေး လုံခြုံရေးတွေကို အကြောင်းပြပြီး ဝင်ရောက် နေရာယူထားတာကြောင့် ဘုရားပွဲသွားရောက်မယ့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ စိတ်ပိုင်း ဆိုင်ရာ အနှောင့်အယှက်တွေဖြစ်နေကြတယ်လို့လည်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါကြောင့် ဆံတော်ရှင်ဘုရားပွဲကို သွားရောက်မယ့် ပြည်သူတွေအနေနဲ့ ဘုရားပွဲကိုသွားလာဖို့ကိစ္စကို ဆင်ခြင်သုံးသပ်ကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
အခုလို ဆံတော်ရှင်ဘုရားပွဲအနီးမှာ စစ်ကောင်စီတပ်က နေရာယူထားတာတွေနဲ့ အေအေကလည်း ထုတ်ပြန်ချက်ထုတ်ပြီး သတိပေးမှုတွေရှိလာတာကြောင့် ဈေးဆိုင်အချို့ကိုလည်း ပိတ်ထားလိုက်ပြီလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆံတော်ရှင်ဘုရားပွဲကို လာမယ့် ဒီဇင်ဘာလ ၁၃ ရက်ကနေ ၂၀ ရက်နေအထိကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။
အခုလို ဆံတော်ရှင်ဘုရားပွဲမှာ စစ်ကောင်စီတပ်က နေရာယူထားတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ အချိန်နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် တိုက်ပွဲတွေရပ်စဲနေတာ အချိန်တစ်နှစ်ကျော်အထိရှိနေပြီဖြစ်ပါတယ်။