အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် လေးခုကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူအားလုံးဟာ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ကျောက်တော်မြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းပေါ် က ဝါးတောင်နဲ့ ပန်းဖဲချောင်းရွာတွေကို ဆက်သွယ်ထားတဲ့တံတား(ယိုးချောင်းတံတား) အနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာ ခုနစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တံတားပျက်စီးခဲ့သလို ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ အနီးဝန်းကျင်က နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာလည်း မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးက ယာယီဆေးကုခန်း၊ သားဖွားဆောင်နဲ့အနီးတဝိုက်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သလို ဆေးဝန်ထမ်းတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဆေးခန်းအဆောင်တွေနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ AA က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လသားအရွယ်ကလေးတစ်ယောက် သေဆုံးသွားတာလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“အဲဒီဆေးရုံမှာ တစ်လနဲ့ ခြောက်ရက်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကတော့ ပေါင် ငါးရာဗုံးပေါက်ကွဲပြီး တုန်ခါမှုကြောင့် လန့်ပြီးဆုံးသွားပါတယ်”
သေဆုံးဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြီး မြောက်ဦးမြို့နယ်က ယာယီသားဖွားဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမိခင်တွေကို လေကြောင်းရန်ကင်းလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာကို ညနေ ၅ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ငါးဦးနဲ့ အမျိုးသား ခြောက်ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မနက် ၃ နာရီ ၅၈ မိနစ်ခန့်မှာလည်း ပေါက်တောမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို Y-12 လေယာဉ်တစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးသုံးဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာဖြစ်တယ်လို့ AA က စွပ်စွဲထားပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စကယ်လီ ကာရီ က စစ်တပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသလို လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ ဈေးနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
