စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က နေအိမ် ငါးဆယ်ကျော် ပျက်စီး

RFA Burmese
2024.11.11
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က နေအိမ် ငါးဆယ်ကျော် ပျက်စီး ချင်းပြည်နယ် မင်းတပ်မြို့အတွင်း နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: Ĥkl Mindat

စစ်ကောင်စီတပ်က ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကနေအိမ်တွေကို နိုဝင်ဘာလအတွင်း မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ် ငါးဆယ်ကျော် ပျက်စီးခဲ့ကြောင်း နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်တာလို့လည်း AAPP က ပြောထားပါတယ်။ ဒီနေ့မှာလည်း မင်းတပ်မြို့ပေါ်ကနေအိမ်တွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း မင်းတပ်မြို့ခံတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့က ဇီပေါက်ရွာကိုလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ AAPP က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာကြောင့် ကျန်းမာရေးချို့တဲ့သူတွေရှိပြီး လူသေဆုံးတာတွေလည်းရှိကြောင်း AAPP က ပြောထားပါတယ်။

AAPP ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။