လူ့အခွင့်အရေး ချိုးဖောက်မှုများ တပ်က ကျူးလွန်တယ်လို့ စွပ်စွဲ
2015.03.07
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူနဲ့ ပန်ဆိုင်းမြို့တွေမှာ ဒေသခံတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးခံနေကြရတယ်လို့ ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက် အဖွဲ့ဝင် ကိုအိုင်ဇက်အောင်က အစိုးရတပ်မတော်ဟာ ရွာတွေထဲမှာ ပေါ်တာဆွဲတာတွေ၊ ပစ္စည်းလုယက် ပြီး ဒေသခံတွေကို ရိုက်နှက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
"အများဆုံးချိုးဖောက်ခံရတာကျတော့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူငင်သုံးလို့ဖြစ်ပါတယ်၊ ဒေသ ခံပြည်သူတွေ ညှဉ်းပန်းနှိပ်စက်မှု၊ ပေါ်တာဆွဲမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မုဒိမ်း မှုပေါ့၊ နောက်ပြည်သူများအပေါ်ပရမ်းပတာပစ်ခတ်မှု၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်မှု၊ အဲ့ဒါတွေအပေါ်လည်း ကျနော်တို့ လာရောက်ရခြင်းဖြစ်ပါတယ်၊ တချို့ရွာမှာဆိုရင် ပစ္စည်းရော ငွေ သားတွေရော၊ ဖုန်းတွေ၊ ရွှေငွေတွေ အဲ့ဒါတွေ တော်တော်များများ ပါသွားတာတွေရှိတယ်ဗျ၊ တပ်မတော်သားအနေနဲ့ တိုက်ပွဲဖြစ်ပွားပြီးတော့ ရွာမှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူငင်သွားခြင်းဖြစ်ပါတယ်"
အဲ့ဒီကွန်ရက်ဟာ ဒီနှစ် ဇန်နဝါရီလ ၁၉ ရက်ကနေ မတ်လ ၃ ရက်နေ့အထိ ၄၅ ရက်တာကာလအတွင်း ဒေသ ခံတွေရဲ့ အတွေ့အကြုံတွေကို စစ်တမ်းကောက်ယူထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်တာတွေ လျှော့ချဖို့နဲ့ ဒေသခံတွေ ကို နှိပ်စက်ညှင်းပန်းတာတွေမလုပ်ဖို့ ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်က နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။