အာရှဘဏ်က မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ကူညီနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ချေးငွေ အချိန်ကာလ တစ်နှစ်လောက် ကြာနိုင်သေးကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် အေဒီဘီ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Stephen Groff က ပြောဆိုလိုက်ပါတယ်။

မစ္စတာ Stephen Groff ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို လေးရက်ကြာ ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အေဒီဘီကနေ ချေးငွေ ပြန်ထုတ်ပေးနိုင်ဖို့အတွက် လက်ရှိမြန်မာနိုင်ငံ ပေးစရာရှိတဲ့ အကြွေးကို အရင်ရှင်းပေးရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အေဒီဘီကို ပြန်ဆပ်ဖို့ ကျန်နေတဲ့ အကြွေးက အမေရိကန် ဒေါ်လာ သန်း ၅၀၀ နဲ့ ကမ္ဘာ့ဘဏ်ကို ပေးစရာရှိတာက အမေရိကန်ဒေါ်လာ သန်း ၃၉၃ သန်းလို့ ဆိုပါတယ်။ မြန်မာအစိုးရဘက်ကလည်း တင်ရှိနေတဲ့ အကြွေးကိစ္စကို အသိအမှတ်ပြု ဆွေးနွေးတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၇% အထိ ရှိသည်ထားဦး နောင် နှစ်ပေါင်း ၃၀ လောက်ရောက်မှသာ လက်ရှိ ထိုင်းနိုင်ငံရဲ့ အခြေအနေကို မီနိုင်မယ်လို့ သူက ပြောပါတယ်။

နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် လိုအပ်တဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆိုင်ရာ အခြေခံ အဆောက်အအုံ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး မြန်မာနိုင်ငံမှာ လိုအပ်နေသေးကြောင်းလည်း သတိပေးထားပါတယ်။

တစ်ချိန်တည်းမှာလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် စိတ်အားထက်သန်မှုနဲ့ ကြိုးပမ်းနေမှုကို အေဒီဘီ အကြီးအကဲက အားရမိကြောင်း ပြောဆိုပါတယ်။