လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၂ ဦး သေဆုံး
2024.12.30

၂၀၂၄ ခုနှစ်၊ တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးအထိ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးတာ၊ ထောင်ဝင်စာပါဆယ်နဲ့ ဆေးဝါးပို့ခွင့် ကန့်သတ်တာတွေကြောင့် သေဆုံးတာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ဒီသေဆုံးမှုတွေက ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့ အခြေအနေပါ။ ဒီနှစ်ထဲမှာပဲ သေဆုံးသူတွေဖြစ်ပါတယ်"
ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရဲစခန်းက အချုပ်ခန်းမှာ နိုင်ငံရေးအကျဉ်းသား ကိုဘုံဘုံဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားတယ်လို့ PPNM က ပြောပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀(ည)၊ ပုဒ်မ ၅၂(က)၊ ၅၂(ခ) ထောင်ဒဏ် ဆယ်နှစ် ချခံရသူဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မြောင်းမြအကျဉ်းထောင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုကျော်ဇင်လတ်ဟာ ဆေးကုသမှု မှားယွင်းမှုကြောင့် သေဆုံးသွားတယ်လို့ မြောင်းမြဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနှစ်ထဲမှာပဲ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် အပြည့်အ၀မရလို့ သေဆုံးသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးသမား ကိုစိန်လင်း (ခ) ကိုအငယ်လေးတို့လို ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တယ်။
အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ပြောခွင့်ရ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဒီဇင်ဘာလ ၃၀ ရက်နေ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကတော့ ထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို လက်ခံဖို့၊ အကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာ ထားရှိဖို့၊ လုံလောက်တဲ့ ဆေးကုသမှုပေးဖို့နဲ့ အရေးကြီးလူနာတွေကို ထောင်ပြင်ပ ဆေးရုံတွေမှာ အချိန်နဲ့တပြေးညီ ကုသခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။