ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းရွာနဲ့ တောင်ပေါက်ရွာ နှစ်ရွာကို မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့တာဟာ တပ်မတော်ရဲ့ လက်ချက်ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က စွပ်စွဲလိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က အရေးယူနိုင်ရေး ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်တာပါ။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်မြင်သက်သေတွေ၊ ဂြိုဟ်တုက ရရှိတဲ့ ဓာတ်ပုံတွေကို ကိုးကားပြီး ထုတ်ပြန်ထားတယ်ဆိုတဲ့ အဲဒီကြေညာချက်မှာ တပ်မတော်ဟာ အရပ်သားတွေရဲ့ ဒုက္ခဆင်းရဲတွေကို လုံးဝဥပက္ခာပြုထားတယ်လို့ AI ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA ကြား ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာနေပြီး အရပ်သားတွေ ပိုမိုထိခိုက်နစ်နာနေတယ်လို့ ဆိုပါတယ်။
အခု AIအဖွဲ့ရဲ့ တိုက်တွန်းမှုဟာ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမလဲဆိုတာ မပြောနိုင်ပေမယ့် တပ်မတော် အနေနဲ့ နိုင်ငံ့ပုံရိပ်၊ တပ်မတော်ရဲ့ပုံရိပ် မထိခိုက်အောင် ဆင်ဆင်ခြင်ခြင် လုပ်ဖို့လိုတယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
"အရင်တုန်းကလည်း အဲလိုတိုက်တွန်းတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ OIC တို့ကအစ လက်တွေ့လည်း တရားစွဲဆိုနေတာရှိတယ်။ လောလောဆယ်တော့ ဒါက အကျိုးသက်ရောက်မှု ရှိချင်မှရှိမယ်။ ဒါပေမဲ့ ရေရှည်မှာ တပ်မတော်အနေနဲ့ အဲလိုကိစ္စမျိုး နောက်ထပ်ဖြစ်လာတယ်၊ သက်သေအထောက်အထား တွေနဲ့လည်း တစ်ဖက်က တင်ပြနိုင်တယ်ဆိုရင်တော့ တစ်နည်းနည်းနဲ့ တကမ္ဘာလုံးက ရှုတ်ချမှုတွေ ရှိလာလိမ့်မယ်။ ICC တို့ ICJတို့ ကလည်း ဒါတွေကို အထောက်အထားယူပြီး ဥပဒေဘောင်ထဲက ဖြေရှင်းဖို့ သူတို့ကြိုးစားကြပါလိမ့်မယ်။ အဓိကကတော့ ကိုယ့်နိုင်ငံပုံရိပ်၊ တပ်မတော်ရဲ့ပုံရိပ်၊ အစိုးရရဲ့ပုံရိပ် မထိခိုက်အောင်တော့ ဆင်ဆင်ခြင်ခြင် ကိုယ့်ဘက်ကလည်း လုပ်ဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်"
အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ညှဉ်းဆဲသတ်ဖြတ်တာတွေ၊ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတာ၊ လက်လွန်ခြေလွန်ဖြစ်တာတွေအပြင် အိမ်တွေကို မီးရှို့တာတွေကို တိုင်းရင်းသား အချင်းချင်း ဆင်ဆင်ခြင်ခြင် လုပ်စေချင်ကြောင်းနဲ့ အဲလိုမဟုတ်ရင် အရင် ရိုဟင်ဂျာ မွတ်စလင်တွေကိစ္စထက် ရခိုင်ပြည်နယ်အရေးက ICC ကိုရောက်ဖို့ တွန်းအားဖြစ်သွားနိုင်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ICJ တရားရုံးမှာ ရင်ဆိုင်နေရသလို ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC တရားရုံးမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လက်ရှိ ရိုဟင်ဂျာကိစ္စနဲ့ ICJ တို့ ICC တို့မှာ ရင်ဆိုင်နေတဲ့ အမှုတွေအပြင် တပ်မတော်က အရပ်သားတွေကို ပစ်မှတ်ထား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လုပ်နေမယ်ဆိုရင် နောက်ထပ်အမှုတွေတိုးလာပြီး အစိုးရနဲ့ တပ်မတော်အပေါ် ပိတ်ဆို့အရေးယူတာတွေ ဖြစ်လာနိုင်သလို နောက်ဆုံးအဆင့် ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူတာတွေအထိ ဖြစ်လာနိုင်တယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
"စစ်တပ်က အခုလက်ရှိမှာ အရပ်သား ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ နောက်ထပ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ ဒီလို ရာဇဝတ်မှုတွေပဲ ထပ်ထပ်တိုးလာပြီး အမှုတွေ တိုးလာဖို့ပဲရှိတယ်။ အမှုတွေတိုးလာတာနဲ့အမျှ နိုင်ငံတကာရဲ့ ဖိအားတွေလည်း တိုးလာမယ်၊ ICJ နဲ့ ICC ရင်ဆိုင်နေရတဲ့ အမှုတွေအပြင် တခြားအမှုတွေလည်း တိုးလာမယ် ဆိုရင် အခုလက်ရှိအစိုးရရော၊ စစ်တပ်ရောပေါ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်မှုတွေ များလာမယ်ဆိုရင် နောက်ဆုံးအဆင့်ပေါ့နော် ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူတဲ့ဟာမျိုးတွေ အထိတောင် ဖြစ်လာနိုင်ပါတယ်။"
တိုင်းရင်သားအရေးနဲ့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချယ်ပေးမယ့်သူ မရှိရင်တော့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်လာပြီး နိုင်ငံတကာ ဖိအားတွေ၊ ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်လို့ အခုလို ကပ်ရောဂါကာလ စီးပွားရေး အကျပ်အတည်း ဖြစ်နေချိန်မှာ ဒါတွေထပ်ကြုံရရင် တိုင်းပြည်အတွက် မကောင်းဘူးလို့ သုံးသပ်ပါတယ်။
"နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အနေနဲ့က တောက်လျှောက်လုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့အခါကြတော့ သူဆီက အချက်အလက် အခိုင်အမာတွေ ဘာတွေကတော့ လုံခြုံရေးကောင်စီက စိစစ်လိမ့်မယ်ထင်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပေးမယ့်သူရှိရင်တော့ ပယ်ချခံရမှာပေါ့။ ဗီတိုအာဏာသုံးမပေးမယ့်သူ မရှိရင်တော့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်လာပြီး မြန်မာနိုင်ငံအပေါ် ဖိအားတွေ ဖြစ်လာမှာပေါ့၊ ဒီဆုံးဖြတ်ချက်ကို လိုက်တာတဲ့သူတွေအတွက်တော့ ပိတ်ဆို့မှုတွေ လုပ်လာနိုင်ပါတယ်။ ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းမှာ ဒါတွေထပ်ကြုံရမယ်ဆိုရင် တိုင်းပြည်အတွက် သိပ်မကောင်းဘူး။"

အငြိမ်းစား တပ်မတော်အရာရှိတွေပါဝင်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ AI အဖွဲ့ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ တော်လှန်ရေး အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဂြိုဟ်တုကနေ အချိန်နဲ့တပြေးညီ ကြည့်တာမဖြစ်နိုင်သလို ဂြိုဟ်တုဓာတ်ပုံကိုကြည့်ပြီး ဘယ်သူရှို့တယ်ဆိုတာ မသိနိုင်ဘူးလို့ ထောက်ပြပါတယ်။
ဒီအဖွဲ့စည်းဟာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တကယ်လုပ်နေတာလား ဒါမှမဟုတ် ဖိအားပေးချင်တာကြောင့် လုပ်နေသလားဆိုတာ မွေးခွန်းထုတ်စရာဖြစ်ပြီး သူတိုရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ နားလည်ထားဖို့လိုတယ်လို့ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။
"ဒီအဖွဲ့အစည်းတွေရဲ့ နောက်ခံက ဘယ်ကလာလဲ၊ ဘယ်သူတွေရဲ့ ထောက်ပံ့ပေးမှုကလာသလဲ ဒါကိုလည်း သိဖို့လိုတယ်လို့ မြင်ပါတယ်။ အမှန်တကယ် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် တကယ်လုပ်နေ တာလား၊ ဒါမှဟုတ်လည်း ကျွန်တော်တို့ကို ဖိအားအနေနဲ့ လုပ်နေတာလား ဒါမျိုးတွေတော့ မြင်မိတယ်။ အမှန်တကယ် ကျူးလွန်ခဲ့တယ်ဆိုရင်လည်း ဒီဘက်က အရေးယူဖြေရှင်းတာတွေလည်း ရှိနေတယ်ပေါ့နော် အရေးမယူဘဲနဲ့ လက်လွတ်စပယ် လုပ်တာတော့လည်း အစိုးရနဲ့ တပ်မတော်မှာ ဒါမျိုးတော့မရှိဘူး။ ဒီအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက် ဘာလဲဆိုတာ ကိုယ်က နားလည်ထားဖို့ လိုတယ်ဗျ။"
မကြာသေးခင်က အရပ်သားတွေနေထိုင်တဲ့ နေရာအနီးတွေ့ရတဲ့ မြေမြှုပ်မိုင်း မှတ်တမ်းဓာတ်ပုံတွေကို AI အဖွဲ့ရဲ့ လက်နက်ရေးရာကျွမ်းကျင်သူက လေ့လာရာမှာ တပ်ကသုံးလေ့ရှိတဲ့ MM2 အမျိုးအစား မြေမြှုပ်မိုင်းတွေ ဖြစ်နေတယ်၊ မိုင်းအများစုထက် ပိုကြီးတဲ့ ဒီမိုင်းက ကြီးကြီးမားမား ထိခိုက်ပျက်စီးစေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ သေကြေဒဏ်ရာရနေကြောင်း အဲဒီမြေမြှုပ်မိုင်းတွေကို AA ရော မြန်မာ့တပ်မတော်ကရော သုံးစွဲနေကြောင်းလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
AI အဖွဲ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စက်တင်ဘာ ၄ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရွာတွေ မီးရှိုတယ်ဆိုတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာဟာ စွပ်စွဲချက်သာဖြစ်ပြီး တပ်မတော်က ဒီလိုမျိုးလုပ်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စ ICC ကို လွှဲပြောင်းဖို့ AI အဖွဲ့က တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော်သတင်းထောက်များ ဖေ့ဘွတ်စ် ဂရုကနေ RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

လက်ရှိအာဏာရ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ AI အဖွဲ့ စွပ်စွဲသလို တပ်မတော်သားတွေ လူ့အခွင့်အရေးကိုချိုးဖောက်ပြီး ပြည်သူလူထုကို အကြောင်းမဲ့ ညှဉ်းပန်း နှိပ်စက်တယ်ဆိုရင် တပ်မတော်အနေနဲ့လည်း သူ့ဥပဒေကြောင်းအရ စီရင်လိမ့်မယ်လို့ ယူဆကြောင်းပြောပါတယ်။
"ကျွန်တော်မှတ်မိလိမ့်မယ် ICJ မှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တချို့ကိစ္စတွေဟာ မှန်ကန်တယ်၊ ဒီဟာတွေက စစ်တွင်းကာလမှာ ဒီလိုဖြစ်တယ်ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ ခေါင်းဆောင်က ပြောထား ပြီးသားဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို တပ်မတော်က လုပ်တယ်ဘဲပြောပြော၊ ဘာပဲပြောပြောပေါ့လေ။ တကယ်လူ့အခွင့်အရေးကို ချိုးဖောက်တယ်၊ တကယ်လည်း ပြည်သူလူထုအပေါ် အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်တယ်ဆိုရင်ကတော့ သူ့ဥပဒေအကြောင်းရ၊ တပ်မတော်အနေနဲ့လည်း သူဥပဒေအကြောင်းအရ သူစီရင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်ဗျ။"
AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက အိမ်ခြေ ၅ဝဝ ကျော်ရှိတဲ့ တင်းမရွာဟာလည်း ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြောဆိုထားပါတယ်။
တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာဆိုတဲ့ ဒေသခံရွာသားတွေရဲ့ ပြောဆိုချက်ကို တပ်မတော်က ငြင်းဆိုထားပြီး၊ နေအိမ်တွေ မီးလောင်တာ မရှိကြောင်း ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကတော့ မီးလောင်သွားတဲ့ နေအိမ် ၅ဝဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို ဧပြီ ၂၂ ရက်နေ့က ရွာသားတွေကို ပေးအပ်ခဲ့ပါတယ်။