မြန်မာ့တပ်မတော်နဲ့ မဆက်ဆံဖို့ AI တောင်းဆိုချက် သြစတြေးလျပယ်ချ


2018.06.28
assk-julie-bishop-622 ၂ဝ၁၄ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် လာရောက်သည့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည့် မှတ်တမ်းပုံ။
AFP

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုထားတာနဲ့ပတ်သက်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

သြစတြေးလျအစိုးရနဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေးဟာ တိုက်ခိုက်ရေးနဲ့ မပတ်သက်ဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားရေးနဲ့ မြန်မာနိုင်ငံမှာ အပြုသဘော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ကူညီရေးတွေအတွက် စည်းစနစ်ကျကျ ရည်ရွယ်ထားတာ ဖြစ်ကြောင်း၊ ဒါဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထားရှိတဲ့ သြစတြေးလျနိုင်ငံရဲ့ အကျိုးစီးပွားပဲဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Julie Bishop) က ပြောပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်နက်မရောင်းချဖို့နဲ့ စစ်ရေးလေ့ကျင့်ခန်း ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အရေးယူဆောင်ရွက်ထားပြီး ဖြစ်တယ်လို့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဇွန်လ ၂၇ ရက်-မနေ့က ထုတ်ပြန်တဲ့ AI အဖွဲ့ရဲ့ အစီအရင်ခံစာမှာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးဖြတ်တောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်မှု၊ မုဒိမ်းပြုကျင့်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို လုံခြုံရေးတပ်သားတွေက ကျူးလွန်ရာမှာ ပါဝင်ပတ်သက်မှု ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တပ်မတော်နဲ့ လုံခြုံရေးဆိုင်ရာ အရာရှိကြီး ၁၃ ဦးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပါတယ်။

သြစတြေးလျနိုင်ငံဟာ မြန်မာ့တပ်မတော်နဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူသားချင်း စာနာမှုကူညီရေး၊ ငြိမ်းချမ်းရေးနဲ့ အင်္ဂလိပ်ဘာသာ လေ့လာသင်ကြားရေးအတွက် ဒေါ်လာ ၄ သိန်း ကူညီထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။